Nov 18, 2010

ပဋိသမ္ဘိဒါ ၄-ပါး

၁။ အတ္ထ ပဋိသမ္ဘိဒါ

၂။ ဓမ္မ ပဋိသမ္ဘိဒါ

၃။ နိရုတ္တိ ပဋိသမ္ဘိဒါ

၎။ ပဋိဘာန ပဋိသမ္ဘိဒါ


၁။ အတ္ထ ပဋိသမ္ဘိဒါ  -  အကျိုးတရားအမျိုးမျိုးကို ထိုးဖောက်ပြီးတော့ သိမြင်တဲ့ဉာဏ်။

၂။ ဓမ္မ ပဋိသမ္ဘိဒါ  -  အကြောင်းတရားအမျိုးမျိုးကို ထိုးဖောက်ပြီးတော့ သိမြင်တဲ့ဉာဏ်။

၃။ နိရုတ္တိ ပဋိသမ္ဘိဒါ  -  ဘာသာအမျိုးအမျိုး၊ သဒ္ဒါအမျိုးမျိုး၊ ဝေါဟာရပညတ်အမျိုးမျိုးတို့ကို ထိုးဖောက်ပြီးတော့ သိမြင်နိုင်တဲ့ဉာဏ်။ ဒီဉာဏ်ကို ရသွားယင် ကမ္ဘာမှာရှိတဲ့ ဘာသာအားလုံးကို မသင်ရဘဲနဲ့ အကုန်တတ်တယ်။ ဘာသာကိုသာတတ်တာ မဟုတ်ဘူး၊ ဒီဘာသာမှာ သုံးနေတဲ့ သဒ္ဒါနည်းတွေကိုလည်း အကုန်လုံး တတ်တယ်။

၎။ ပဋိဘာန ပဋိသမ္ဘိဒါ - အခွင့်သင့်လာလို့ တရားဟောရမယ့် အချိန်အခါရောက်လာလို့ ဟောပြောတဲ့အခါမှာ သူများတကာ နားလည်နိုင်တဲ့ ပြောနည်း၊ ဆိုနည်း၊ ပြောဟန်၊ ဆိုဟန်တို့ကို အလိုအလျောက် ဉာဏ်မှာ ထင်လာတယ်။ ဥပမာ - ဥပမေယျနဲ့ ပြောမှု၊ ဆိုမှုကို သူ့ဉာဏ်မှာ တစ်ခါတည်း ထင်လာတယ်။ လွယ်လွယ်ကူကူနဲ့ တရားနာပရိသတ် နည်းလည်သွားအောင် ပြောနိုင်မယ့် နည်းနိဿယကို ဉာဏ်မှာ တစ်ခါတည်း အလိုလို ထင်လာတယ်။ အဲဒီဉာဏ်ကို ပဋိဘာန ပဋိသမ္ဘိဒါဉာဏ် လို့ခေါ်တယ်။

Nov 3, 2010

ကံပြုတဲ့နေရာက စေတနာ

ကံပြုတဲ့နေရာမှာ ဘာအရေးကြီးဆုံးလဲဆိုရင် စေတနာပါ။ ဒါကြောင့် မြတ်စွာဘုရားက "စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ၊ ရဟန်းတို့ စေတနာကို ကံလို့ ငါဘုရား ဟောတယ်"လို့ မိန့်ကြားထားတာပါ။ အဲဒီ စေတနာနဲ့ကံ၊ ကံနဲ့ စေတနာ ဘာထူးသလဲမေးရင် ပြုလုပ်ဆဲ အမှုတွေဟာ စေတနာပါ။ ပြီးပြီးသွားတာက ကံပါ။

ဥပမာ - ဝက်တစ်ကောင်ကို သတ်နေတယ်။ သတ်နေဆဲကာလဟာ စေတနာပါ။ သတ်ပြီးလို့ သေသွားတဲ့အခါ၊ သတ်ခြင်းကိစ္စ ပြီးသွားတဲ့အခါဟာ ကံပါ။ ဒီလိုပါပဲ ... ရဟန်းတစ်ပါးကို ဆွမ်းလောင်းနေဆဲဟာ စေတနာပါ၊ ဆွမ်းလောင်း ပြီးသွားတဲ့ အချိန်ဟာ ကံပါ။ ဒါကို ယောဆရာတော်ဘုရားရဲ့ "ပြုလုပ်ဆဲမှာ စေတနာ၊ ပြီးခါ ကံဟုသိ"ဆိုတဲ့ လင်္ကာလေးနဲ့ ကပ်မှတ်ထားလို့ ရပါတယ်။


ကောင်းမှု ပြုလုပ်ဆဲမှာပဲ ဖြစ်ဖြစ်၊ မကောင်းမှု ပြုလုပ်နေဆဲမှာပဲ ဖြစ်ဖြစ် စေတနာလေးတွေ ဆင့်ကဲဆင့်ကဲ ဖြစ်နေပါတယ်။ အဲဒီ စေတနာလေးတွေက အကြာကြီး တည်မနေပါဘူး။ ဥပါဒ်-ဌီ-ဘင် = ဖြစ် တည် ပျက် ဆိုပြီး ပျက်ပျက်သွားပါတယ်။ စာလို ပြောရင်တော့ ချုပ်ချုပ်သွားတာပါ။ ကောင်းတာ ပြုနေတဲ့အချိန်မှာ ကောင်းတဲ့ စေတနာလေးတွေက ဖြစ် တည် ပျက် ဆိုပြီး ခဏလေး တည်ပြီး ချုပ်ချုပ်သွား၊ အဲဒီလို ချုပ်သွားပေမယ့် ဘာလေးတွေ ကျန်ခဲ့သလဲဆိုတော့ ကမ္မသတ္တိလေးတွေပါ။

စေတနာလေးတွေ ချုပ်ချုပ်သွားလိုက်၊ ကမ္မသတ္တိလေးတွေ ကျန်ခဲ့လိုက်၊ ကြာလာတော့ ကမ္မသတ္တိလေးတွေက များလာပါတယ်။ ကမ္မသတ္တိလေးတွေဟာ ကောင်းတာပြုခဲ့ရင် ကောင်းတဲ့ ကမ္မသတ္တိလေးတွေ၊ မကောင်းတာ ပြုခဲ့ရင် မကောင်းတဲ့ ကမ္မသတ္တိလေးတွေ ကျန်နေခဲ့ပါတယ်။ လူတစ်ယောက်ကို အကျိုးပေးတယ်ဆိုတာလည်း အဲဒီကမ္မသတ္တိလေးတွေက အကျိုးပေးတာပါ။
အဲဒီကမ္မသတ္တိလေးတွေက ချက်ချင်းထ အကျိုးပေးသလားဆိုတော့ ချက်ချင်းတော့ ထ အကျိုးမပေးသေးပါဘူး။ အကြောင်းတိုက်ဆိုင်တဲ့အခါမှသာ ထ အကျိုးပေးတာပါ။

ဒါကို စာမှာ ဘယ်လို ဥပမာပေးထားသလိုဆိုတော့ သရက်သီးမှည့်ကို စားပြီး သွားတဲ့အခါ သရက်စေ့လေး ကျန်ခဲ့ပါတယ်။ အဲဒီ သရက်စေ့မှာ အပင်ပေါက်နိုင်တဲ့ ဗီဇသတ္တိလေး ရှိနေပါတယ်။ အပင်ပေါက်နိုင်တဲ့ ဗီဇသတ္တိလေးရှိနေတဲ့ သရက်စေ့ဟာ မြေကြီးနဲ့လည်း ထိတွေ့ခွင့် ရမယ်၊ မိုးဥတုနဲ့လည်း ထိတွေ့ခွင့်ရမယ်ဆိုရင် သရက်ပင်လေး ထပေါက်လာပါတယ်၊ အဓိကတော့ မြေကြီးရယ်၊ မိုးဥတုရယ်နဲ့ ကြုံကြိုက်ဖို့ပါပဲ။ အဲဒီ အင်္ဂါနှစ်ချက်နဲ့ မညီသေးရင် သရက်စေ့လေးဟာ အပင်ပေါက်နိုင်တဲ့ သတ္တိလေး ရှိနေပေမယ့် မပေါက်နိုင်သေးပါဘူး။

အဲဒီ သရက်သီးမှည့်နဲ့ သရက်စေ့လေးရဲ့ ဥပမာ အတိုင်းပါပဲတဲ့။ သရက်သီးမှည့်ကို စားနေဆဲ စားနေတဲ့ အချိန်ဟာ စေတနာပါတဲ့၊ စားပြီး အပင်ပေါက်နိုင်တဲ့ သရက်စေ့ ကျန်ခဲ့တာဟာ ကမ္မသတ္တိပါတဲ့။
သရက်စေ့ဟာ ချက်ချင်းထပြီး အပင်မပေါက်နိုင်သေးဘဲ မြေကြီး မိုးဥတုနဲ့ ထိတွေ့ခွင့်ရမှ အပင်ပေါက်နိုင်သလို လူတစ်ယောက်ရဲ့ ကမ္မသတ္တိဟာလည်း ချက်ချင်း အကျိုးမပေးနိုင်သေးပါဘူး။

ကောင်းတဲ့ ကမ္မသတ္တိတွေက ယောနိသောမန သိကာရ-ဆိုတဲ့ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတဲ့အခါ၊ ကလျာဏမိတ္တ-ဆိုတဲ့ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ ဆရာကောင်း-စတဲ့ မိတ်ဆွေကောင်းနဲ့ တွေ့ဆုံတဲ့အခါမှ ထအကျိုး ပေးတာပါ။

ဒီလိုပါပဲ ... မကောင်းတဲ့ ကမ္မသတ္တိလေးတွေကလည်း အယောနိသောမနသိကာရ အကုသိုလ်ဖြစ်အောင် နှလုံးသွင်းတဲ့အခါ ပါပမိတ္တ မိတ်ဆွေဆိုး မိတ်ဆွေယုတ်နဲ့ တွေ့ဆုံတဲ့အခါကျမှ ထအကျိုးပေးမှာပါ။
အဲဒီတော့ ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ကမ္မသတ္တိတွေဟာ ချက်ချင်းတော့ ထအကျိုးမပေးသေးပါဘူး။ ခြောက်လကြာမှ အကျိုးပေးချင် ပေးမယ်၊ ဆယ်နှစ်ကြာမှ အကျိုးပေးချင် ပေးမယ်၊ နောက်ဘဝကျမှပဲ အကျိုးပေးချင် ပေးမယ်။ နှစ်ဘဝမြောက်၊ သုံးဘဝမြောက်၊ ဆယ်ဘဝမြောက် ကျမှလည်း အကျိုးပေးချင် ပေးမယ်။ ပေးမှာတော့ ဧကန်မုချပါ။

ကောင်းတဲ့ ကမ္မသတ္တိပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့ ကမ္မသတ္တိပဲ ဖြစ်ဖြစ် ကိုယ့်သန္တာန်မှာ ကမ္မသတ္တိ မြောက်သွားပြီဆိုရင်တော့ ဘဝတစ်ခုမှာ ဧကန်မုချ အကျိုးပေးတော့မှာပါ။ အကျိုးပေး နီးတာနဲ့ ဝေးတာပဲ ကွာမှာပါ။

ကောင်းတာပြုပြီး အကျိုးမပေးသေးလို့ ဘာမှ စိတ်အားလျော့စရာ မလိုသလို၊ မကောင်းတာ ပြုပြီး အကျိုးမပေးသေးဘူး ဆိုပြီး ကံကို အထင်သေးနေလို့လည်း မရပါဘူး။

ကံဆိုတာ ပြုပြီးသွားရင် ကမ္မသတ္တိ မြောက်သွားတာဆိုတော့ ကောင်းတဲ့ ကံအတွက် ပြဿနာ မရှိပေမယ့် မကောင်းတဲ့ ကံအတွက်ကျတော့ မပြုခင် သေချာစဉ်းစားဖို့ လိုပါတယ်။ ဘဝတွေက ကျင်လည်ရဦး မှာပါ။ တစ်ဘဝထဲနဲ့ မပြီးသေးပါဘူး။ တစ်ဘဝထဲနဲ့ ပြီးပြတ်အောင် လုပ်နိုင်ရင်တော့ တစ်မျိုးပေါ့လေ။
ဘာပဲလုပ်လုပ် ကံဆိုတာ လုပ်ပြီးရင် ကမ္မသတ္တိကတော့ မြောက်သွားတာပါပဲ။ မလုပ်ခင် သေချာစဉ်းစားဖို့ပဲ လိုတာပါပဲလေ။

ကျမ်းကိုး -
၁။ ဓမ္မပဒ အဋ္ဌကထာ (ဒု)တွဲ ဥဂ္ဂသေနဝတ္ထု။
၂။ မင်းကွန်းဆရာတော်ကြီး၏ ဓမ္မဒေသနာ ပေါင်းချုပ် အတွဲ (၁)။

အရှင် ရာဇိန္ဒ (ရဝေနွယ်၊ အင်းမ) ၁၉၆၉ ~

Oct 31, 2010

မုနိရှစ်ဆူမော်ကွန်း

၁။ အကနိဋ္ဌဘုံမှာ အလောင်းတော်ရဲ့ ပုဆိုးကို ဌာပနာထားပြီး တည်ထားတဲ့ ဒုဿမုနိ စေတီတော်
၂။ တာဝတိံသာမှာ အလောင်းတော်ရဲ့ ဆံတော်ကို ဌာပနာထားပြီး တည်ထားတဲ့ စူဋ္ဌာမုနိစေတီတော်
၃။ ကပ္ပိလဝတ်ပြည်မှာ ခမည်းတော် သူဒ္ဓေါဒနမင်း ထုလုပ်ကိုးကွယ်တဲ့ သကျမုနိစေတီတော်
၎။ သာဝတ္ထိပြည်မှာ ပေဿနဒီမင်း ထုလုပ်ကိုးကွယ်တဲ့ စိန္တာမုနိ စေတီတော်၊
၅။ ရာဇဂြိုဟ်ပြည်မှာ အဇာတသတ်မင်း ထုလုပ်ကိုးကွယ်တဲ့ ရာဇမုနိ စေတီတော်၊
၆။ ဟိမဝန္တာမှာ မဟေသရနတ်မင်း ထုလုပ်ကိုးကွယ်တဲ့ လောကမုနိစေတီတော်၊
၇။ ဓညဝတီပြည်မှာ စန္ဒသူရိယမင်း သွန်းလုပ်ကိုးကွယ်တဲ့ မဟာမုနိစေတီတော်၊
၈။ အမရပူရပြည်မှာ ဘိုးတော်ဘုရား သွန်းလုပ်ကိုးကွယ်တဲ့ စန္ဒာမုနိ စေတီတော်..ရယ်လို့ ရှစ်ပါးရှိပါတယ်။

ထိုရှစ်ပါးအနက် စန္ဒာမုနိ စေတီတော်မှ တစ်ပါး ကျန်သော မုနိခုနစ်ဆူဟာ ဘုရားရှင်လက်ထက်တော်က ဖြစ်ပါတယ်။ မုနိခုနှစ်ဆူအနက် ဒုဿမုနိစေတီတော်နှင့် စူဋ္ဌာမဏိ စေတီတော်တို့ကတော့ ရုပ်ပွားတော် မဟုတ်ကြပါဘူး။ ကျန်သော ၅-ဆူကတော့ ရုပ်ပွားတော် (ဥဒ္ဒိဿကစေတီတော်)များ ဖြစ်ကြပါတယ်၊

 ကျောက်စာဌာနမှ ပညာရှင်တို့၏ ခေတ်သစ်အယူအဆ

သာသနာနှစ် ၅၀၀-လောက်မှာ အိန္ဒိယပြည်ကြီးရဲ့ အနောက်မြောက်နယ်ဖြစ်တဲ့ ကသျှမီရ၊ ဂန္ဓရနယ်ကို ဂရိတို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြတယ်၊ ထိုအခါ ကသျှမီရ၊ ဂန္ဓာရနယ်တစ်ဝန်းမှာလည်း ထေရဝါဒဂိုဏ်း အားနည်းပြီး မဟာယာနဂိုဏ်း အားကောင်းနေတယ်၊ ဝင်ရောက်လာတဲ့ ဂရိများဟာ မဟာယနဂိုဏ်းရဲ့ လွှမ်းမိုးမှုကြောင့် မဟာယနဂိုဏ်း ဗုဒ္ဓဘာသာများ ဖြစ်လာကြပါတယ်၊ မဟာယနသာသနာဟာ တစ်ချို့နေရာများမှ ဟိန္ဒူတို့ရဲ့ အယူဝါဒနှင့် ရောနှောနေတယ်၊ ဟိန္ဒူတို့က ကိုးကွယ်ခံရုပ်တုများ ထုလုပ်ကိုးကွယ်တာကို နမူနာယူပြီး ဂရိဘာသာဝင်တို့ကလည်း ဗုဒ္ဓရုပ်ပွားတော် စတင် ထုလုပ်ကိုးကွယ်ခဲ့ကြတယ်၊ ဂရိတို့ ထုလုပ်တဲ့ ရုပ်ပွားတော်များကို အတုယူပြီး ရုပ်ပွားတော် ထုလုပ်ကိုးကွယ်မှုဟာ ကမ္ဘာမှာ ပျံ့နှံ့လာပါတယ်၊ ရုပ်ပွားတော်များ စတင်ထုလုပ် ကိုးကွယ်တာဟာ မဟာယနဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါတယ်၊ နောင်အခါ ဘုရားရှင်ကို အာရုံပြုရာမှာ ရုပ်ပွားတော်ရှိလျှင် ပိုမိုလွယ်ကူတယ်လို့ ယူဆပြီး ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ကလည်း ရုပ်ပွားတော်ကိုးကွယ်လာကြပါတယ်၊ သည်ပညာရှင်များရဲ့ အလိုအရ ဗုဒ္ဓရုပ်ပွားတော်များဟာ သာသနာသက္ကရာဇ် ၅၀၀-ကျော် AD 1 Century လောက်ကမှ စတင်ဖြစ်ပေါ်လာပါတယ်၊ AD 1 Century ရဲ့ အထက်ကတော့ ရုပ်ပွားတော် ကိုးကွယ်မှု မရှိသေးဘူးလို့ ယူဆကြပါတယ်။

အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (တည်တောဆရာတော်၊ ထီးချိုင့်မြို့)

Oct 30, 2010

စားဖို့လုပ်ခြင်းထက်...

စားရဖို့ ရည်ရွယ်ချက်ဖြင့် အလုပ်လုပ်သူများသည် ရည်ရွယ်ချက် သေးနုပ်သည့်အတွက် အားလျော်စွာ သူတို့၏ လုပ်အားခသည် စားသောက်ရန်အတွက်လောက်သာ ရတတ်သည်။

အကျိုးပြု လုပ်ငန်းများ လုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် စားသောက်သူများသည် သူတို့၏ ရည်ရွယ်ချက် မွန်မြတ်သည့် အားလျော်စွာ စားသောက်ဖို့ထက် ပိုမိုပြီး အကျိုးပြုလုပ်ငန်းများ လုပ်နိုင်အောင် အကျိုးရတတ်သည်။

ဘဒ္ဒန္တတိလောကာဘိဝံသ (ရွာမအင်းစိန်)

သတ္တိနှင့် ဗျတ္တိ

ထန်းတက်သမား၏ ထန်းပင်ကို တက်နိုင်သော အစွမ်းသည် သတ္တိ၊
ထိုယောက်ျား၏ အားအင်ကို ထုတ်၍ ထန်းပင်ကို တက်လိုက်ခြင်းသည်၊ ဗျတ္တိ ဖြစ်သည်။

ရေငုပ်တတ်သူ၏ ရေအောက်၌ ငုပ်နိုင်သော အစွမ်းသည် သတ္တိ၊
ထိုယောက်ျား၏ ကျင်လည်စွာသော ရေငုပ်ပြခြင်းသည် ဗျတ္တိ ဖြစ်သည်။

တောင်တန်းဆရာတော် ဦးဥတ္တမသာရ

ကြာလိုလူဖြစ်ချင်လျှင်..

၁။ သဒ္ဓါ၊ သီလ-စသည့် အင်္ဂါငါးပါးနှင့် ပြည့်စုံလျှင် ကြာလိုလူ၊
၂။ အသိဉာဏ်ရှိသူသည် ကြာလိုလူ၊
၃။ ကမ္မဿကတ သမ္မာဒိဋ္ဌိဉာဏ်ရှိသူသည် ကြာလိုလူ၊
၎။ လောကဓံကို ကြံ့ကြံ့ခံနိုင်ရည်ရှိသူသည် ကြာလိုလူ၊
၅။ ဝိပဿနာဉာဏ် ရင့်သန်ထက်မြက်သူသည် ကြာလိုလူ၊
၆။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို အာရုံပြုနိုင်သူသည် ကြာလိုလူ။

အရှင်ဆန္ဒာဓိက၊ အပ္ပမာဒ ၅/၁။

Oct 29, 2010

တောင်းသောဆု ရနိုင်..

မိဘတို့ကို မွေးတုံ့၊ မွေးလှည့်ပြုသော သားသမီးတို့သည် အမြတ်ဆုံး အနုဂါမိက ရွှေအိုးကို မြှပ်ထားရသည် မည်၏။ ထိုရွှေအိုးကို ရန်သူမျိုးငါးပါးတို့သည် ထုတ်ဖော်ဖျက်ဆီးခြင်းငှာ မတတ်နိုင်ကုန်၊  အရိပ်ကဲ့သို့ အစဉ်တစိုက်လိုက်၍ လောကီ ကောင်းကျိုး၊ လောကုတ္တရာ ကောင်းကျိုးကို ပေးနိုင်၏။ "အကြင် အကြင်ဆုကို တောင့်တ၏။ ထိုထို ဆုအလုံးစုံကို ရ၏" ဟူ၍ နိဓိကဏ္ဏသုတ်၌ ဘုရားရှင်၏ အမိန့်တော်မြတ် ရှိသည်။ ထို့ကြောင့် သုတ္တနိပါတ်တွင် "မာတာပိတုဥပဋ္ဌာနံ" ဟူ၍ မိဘတို့ကို လုပ်ကျွေးခြင်းသည် "စည်းစိမ်ချမ်းသာ ကြီးပွားကြောင်း မင်္ဂလာ" ဟူ၍ ဘုရားရှင် မိန့်ကြားတော်မူခြင်း ဖြစ်သည်။

အုတ်ဖိုဆရာတော်ကြီး ဘဒ္ဒန္တဥက္ကံသမာလာ