Aug 22, 2012

ဓမ္မပန်းခင်း စာကြည့်တိုက် (၃) နှစ်ပြည့်မြောက်ခြင်း အထိန်းအမှတ် ဓမ္မသဘင်


ဓမ္မပန်းခင်း  စာကြည့်တိုက် 
(၃) နှစ်ပြည့်မြောက်ခြင်း အထိမ်းအမှတ်  ဓမ္မသဘင်

ဤ ဓမ္မဒါန ဓမ္မပူဇော်ပွဲကို ဓမ္မပန်းခင်း စာကြည့်တိုက် နာယက ဦးဣန္ဒာစရိယ (ဓမ္မဥယျာဉ်) နှင့် ဓမ္မပန်းခင်း စာကြည့်တိုက် မိသားစုများက စုပေါင်း ဆင်ယင်ကျင်းပခြင်းဖြစ်ပါသည်။

ဓမ္မကထိကဆရာတော်         ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)


                                                              ၃.၁၁.၂၀၁၂(စနေနေ့)
အချိန်                                         ညနေ (၆:၃၀) နာရီ မှ ည (၈) နာရီ 
တရာဟောခန်းမ                            (Palelai Buddhist Temple 49,
                                           Bedok Walk,Singapore 469145)
                                        


                                                              ၄.၁၁.၂၀၁၂(တနင်္ဂနွေနေ့)
အချိန်                                         ညနေ (၅:၃၀) နာရီ မှ ည (၈) နာရီ 
တရာဟောခန်းမ                            (Function Room 1,The ARENA Country Club,
                                         511 Upper Jurong Road,Singapore 638366,near
                                         (JooKoon MRT)
                                                



ဓမ္မသဘင် ကျင်းပခြင်း၏ ရည်ရွယ်ချက်

  •  ဓမ္မစာရေးဆရာ ဆရာတော်များနှင့် စင်္ကာပူရောက် ဓမ္မစာဖတ် ပရိတ်သက်ကို အထူးမိတ် ဆက်ပေးလိုခြင်း။
  •  ဓမ္မစာပေကို လေ့လာလိုက်စားသော ဓမ္မစာပေ မြတ်နိုးသူ၊ ဓမ္မစာဖတ် ပရိသတ်များ တိုးပွါးစေလိုခြင်း။
  •  ဓမ္မမှ လမ်းညွှန်သော မှန်ကန်သော အသိဥာဏ်တို့ဖြင့် မိမိတို့ကိုယ်တိုင် စိတ်လက်ချမ်းမြေ့စွာ   နေနိုင်စေရန်နှင့် မိမိတို့၏ဘာသာ၊ သာသနာ နိုင်ငံကို မှန်ကန်သော အသိဖြင့်   ပြန်လည်စောင့်ရှောက် ကာကွယ်နိုင် ကြစေရန်တို့ ဖြစ်ပါသည်။
ကံကောင်းထောက်မစွာပင် အထက်ပါ ရည်ရွယ်ချက်များပြည့်မြောက်စေရန် ဓမ္မစာပေများကို ရေးသားပြုစု သာသနာပြုနေတော်မူသော ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) ဆရာတော် ဘုရားကြီးကို ပင့်ဆောင်ခွင့်ရရှိခဲ့ပါသည်။

ဆရာတော်ဘုရား၏  ဓမ္မစာပေရေးသားဟန်များ၊ ဟောပြောပို့ချချက်များသည် ခေတ်လူငယ် စာတက် မျိုးဆက်သစ် စင်္ကာပူရောက် စာဖတ်ပရိသတ် တရားနာ ပရိသတ်များနှင့် အလွန်ပင် ကိုက်ညီဆီလျှော်၍ တရားနာ ပရိသတ်များ နှစ်ခြိုက်ကြမည်ဟု ကျွန်ုပ်တို့ ဓမ္မသဘင် ဖြစ်မြောက်ရေး ကော်မတီအဖွဲ့များမှ အထူး ယုံကြည် မိပါသည်။


သို့ပါ၍ စင်္ကာပူရောက် ဓမ္မမိတ်ဆွေများအားလုံးကို တရားနာကြွရောက် ဓမ္မအသိဥာဏ်ဆည်းပူးလေ့လာနို်င်ပါရန် ခင်မင် လေးစွားစွာဖြင့် အထူးပင် ဖိတ်ကြားအပ်သည်။

ဆရာတော်ဘုရား၏ စာပေလက်ရာ တရားအရသာများကို ဖတ်ရှုမြည်းစမ်း ကြည့်နှင့်မည် ဆိုပါလျှင်  http://yatanavasatemple.ning.com/forum/topics/3860373:Topic:19102ကိုဝင်ရောက်၍မြည်းစမ်းနိုင်ပါသည်။ ဆရာတော်ဘုရား၏ တရားတော်များကိုနာယူလိုပါလျှင်http://www.dhammaransi.net/Audio/Dhammabayri/DhammabayriSayadaw-ASwanNeltASa_YanKin.mp3  ကို သွား၍ နာကြားနိုင်ပါသည်။

တရားပွဲ ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ကူညီပံ့ပိုးလိုကြသော ဓမ္မချစ်သူ၊ ဘာသာချစ်၊ သာသနာချစ် မျိုးဆက်များ ကျွန်ုပ်တို့ ဓမ္မသဘင် ဖြစ်မြောက်ရေး ကော်မတီနှင့် ဆက်သွယ်ကူညီလှူဒါန်းနို်င်ပါသည်။

ဆက်သွယ်လှူ ဒါန်းနို်င်ရန်
ဓမ္မပန်ခင်း စာကြည့်တိုက်
#05/56B, Peninsula Plaza,
No. 111, North Bridge Road,
S'pore 179 098
POSB saving account (133188673) (ဖုန်း-၈၂၇၆၆၈၂၉)၊

ဓမ္မပန်းခင်း နာယက             ဦးဣန္ဒာစရိယ (ဓမ္မဥယျာဉ်)    ၉ ၈၅၉ ၅၆၆၁
ဓမ္မစာပေစုဆောင်းခြင်း          ဦးညီမြတ်                          ၉ ၂၃၆၉ ၈၃၉
ဓမ္မစီဒီ (အခမဲ့) ဖြန့်ချီခြင်း       ကိုရဲမြင့်၊ကိုထွန်းထွန်းဝင်း၊       ၈၁၂၈၃၈၃၄
စာအုပ်များ ၀န်ဆောင်မှု        အောင်ကိုလတ်၊ ဧကရီ          ၉၀၆၇၈၇၄၀
                                      စိုးလင်း၊ အောင်မိုး နှင့် အဖွဲ့များ   
       

အလှုရှင်များစာရင်း၊(October 2012)
 ၁။ ကပ္ပတိန်ဦးခင်အောင်မိသားစု မှ ဆ၇ာတော် ဘု၇ား  
       လေယာဉ်လက်မှတ်   အသွားအပြန် အလှူ
၂။ ဦးတင်စိုး+ဒေါ်စန်းမြင့် နှင့် သမီး မ ပိုးအိအိဖြူ မိသားစု ..တရားဟောခန်းမအတွက်   
    အလှုငွေ S$ 300 နှင့် သောက်ရေသန့် အလှု။
။ ဦးညီမြတ်+ဒေါ်လှိုင်လှိုင်ဌေး  နှင့် သမီးမ ထားအိဝေ .. သား အောင်မြတ်ဖြိုး မိသားစု .. 
    တရားဟောခန်းမအတွက် အလှုငွေ S$ 500။
ကိုအောင်ကိုလတ်+ မဧက၇ီလွင် အလှူငွေ  -S$ 300။
။ မအိအိချောစု@ Ericka (Treasure Travel and Tours Pte Ltd -Singapore ),
     Golden Gate Global Travel and Tours -Myanmar  မှအလှူငွေ  -S$ 500။

Aug 19, 2012

ဓမ္မဘေရီ အရှင်ဝိရိယ (တောင်စွန်း)


သာသနဓဇဓမ္မာစရိယ၊ တိပိဋက-ဒီကဘာဏက၊
နိကာယုဇ္ဇောတက-အဂ္ဂဓမ္မာစရိယ
ဓမ္မဘေရီ အရှင်ဝိရိယ (တောင်စွန်း)

ဒုက္ခဆိုတာ
အိပ်ပျော်နေသူကို လှုပ်နှိုးတတ်တယ်။
ဥပါဒါန် အားကြီးသူကို ခြောက်လှန့်တတ်တယ်။
သတိမေ့သူကို ဝါးမျိုတတ်တယ်။
သတိနဲ့တတ်စီးနိုင်သူကို လိုရာခရီးကိုပို့ပေးတယ်။    
ရာနှုန်းပြည့်ပညာမျက်စိနဲ့ ကြည့်ရင်တော့ စက်ရုပ်ကျားကြီးပါပဲ။
နေရာနဲ့လူ
ကိုယ့်အတွက် ရေကန်အသင့် ကြာအသင့်ဖြစ်တဲ့အရပ်ကို 
 ရှာဖွေနေသူဟာ ကိုယ်စွမ်းကိုယ်စ ပျောက်နေတဲ့အတွက်
ဘဝပါပျောက်ပြီး သေနေမယ်။
ရောက်ရာအရပ်မှာ ရေကန်တူးပြီး ကြာပေါက်အောင်
စွမ်းဆောင်နိုင်မှသာ ကိုယ်စွမ်းကိုယ်စ ပြည့်ဝတဲ့အတွက်
ဘဝပါပြည့်ဝရှင်သန်မယ်။
လူဆိုတာ
ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။

“တလောကလုံး ကျက်သရေရှိစေချင်တာ စာရေးသူရဲ့စေတနာပါ ၊ တလောကလုံး ဖြစ်ဖို့ဆိုတာ တစ်ယောက်ကပဲစရတာဖြစ်လို့ တစ်ယောက်တစ်လေကျက်သရေကိုသိပြီး ကျက်သရေရှိသွားရင်လည်း ကျေနပ်စရာပါ။ အဲ့တစ်ယောက်ဟာ စာဖတ်သူကိုယ်တိုင် ဖြစ်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့၊   
                                                                                                     ဓမ္မဘေရီ အရှင်ဝိရိယ ၊


တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီးက အရှင်ဝီရိယအား “နိကာယု ဇ္ဇောတက ဒီကဘာသက”   ဘွဲ့လက်မှတ် ပေးအပ်စဉ် (၁၃၄၂-ခု)
 
ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးကို
၁၃၀၇-ခု ပြာသိုလပြည့်ကျော်(၁၃)ရက်(၃၀-၁-၄၆) ဗုဒ္ဓဟူးနေ့ တွင် ကွေးတိုင်း၊နတ်မောက်မြို့ နယ်၊ဥယျှာုတောင်ရွာမှာ အဖဦးပု၊အမိဒေါ်မင်းစိန်တို့ က မွေးဖွားတယ်။
၁၃၁၉-ခုနှစ်မှာ ရှင်သာမဏေဖြစ်တယ်။ ဘွဲ့ အမည်မှာ ရှင်ဝီိရိယလို့ မှည့်တယ်။
၁၃၂၃-ခုနှစ်ကစပြီး အမရပူရမြို့ တူးမောင်းတိုက်ကို ရောက်ရှိပြီး ဆရာတော်ကြီးနှင့် စာချဆရာတော် ဘဒ္ဒမေဓိယတို့ ထံမှာ ပရိယတ္တိပညာ စသင်တယ်။
၁၃၂၅-ခုနှစ်က ပထမငယ်တန်းကို တစ်ပြည်လုံးတတိယနဲ့ အောင်တယ်။
၁၃၂၆-ခုနှစ်က စပြီး တူးမောင်းတိုက်မှာ စာချသာမဏေအဖြစ် အဘိဓမ္မာနေ့ ဝါည၀ါကို ကူညီပို့ ချရင်း စာချ စာသင် နှစ်တာဝန်ကို ထမ်းဆောင်ရတယ်။
၁၃၂၇- ကဆုန်လပြည့်နေ့ မှာ ရဟန်းအဖြစ်ရောက်တယ်။
၁၃၃၂-ခုနှစ်က သာသနဓဇဓမ္မာစရိယဘွဲ့  ရရှိခဲ့တယ်။
၁၃၄၂-ခုနှစ် တိပိဋကဓရရွေးချယ်ရေးစာမေးပွဲမှာ ပိဋကတ်တစ်ပုံဆောင် ဒီဃဘာဏ ဘွဲ့  ရရှိတယ်။
၁၃၄၃-ခုနှစ်က ဒီဃနိကာယအဂ္ဂဓမ္မာစရိယ ဘွဲ့ ရရှိခဲ့တယ်။
၁၃၆၂-ခုနှစ်ကစပြီး စာရေးဆရာ သတင်းစာဆရာကြီးမောင်မဲ ၊ရဝေနွယ်(အင်းမ) နဲ့  ကံထွန်းသစ်တို့ ရဲ့  တိုက်တွန်းမှုကြောင့် စာပေလောကထဲ ရောက်လာပြီး မြတ်သတိဝါဒီ၊ ဘာသာသွေးနှင့် အတွေးသစ်ဂျာနယ်တို့ မှာ စာရေးဖြစ်ခဲ့တယ်။
တပည့် အရှင်နေမိန္ဒာလကာင်္ရာဘိဝံသ၊ ရဝေနွယ်(အင်းမ) ၊ရွှေပါရမီအရှင်ဆန္ဒာဓိကတို့ ရဲ့  ကမကထပြုမှုကြောင့် ဓမ္မဘေရီစာစင် ပေါ်ပေါက်လာပြီး အတွေးသစ်ဂျာနယ်ပါဆောင်းပါးများ စုစည်းမှုအဖြစ် မထေရ်မြတ်တို့ စကားဝိုင်း စာအုပ်ကို ၂၀၀၂  ခုနှစ်မှာ စတင်ထုတ်ဝေခဲ့တယ်။

ဆရာတော်ဘုရား၏တရားစာအုပ်များ  
  •  မထေရ်မြတ်တို့ စကားဝိုင်း(၂) ကြောက်တတ်ရင်ရှေ့ တိုး၊
  •  မထေရ်မြတ်တို့ စကားဝိုင်း(၃)လျှောက်တတ်ရင်လမ်း၊
  •  မထေရ်မြတ်တို့ စကားဝိုင်း(၄) 
  •  မထေရ်မြတ်တို့ စကားဝိုင်း(၅)အောင်ပွဲဆင်မည့် ခြေလှမ်းများ၊
  • မထေရ်မြတ်တို့ စကားဝိုင်း(၆)ဖောင်ဖျက်တိုက်ပွဲ၊
  • မထေရ်မြတ်တို့ စကားဝိုင်း(၇)ဘ၀ပြန်ချီ၊
  • တရားဦး၊
  • ဘုန်းရယ်ကံရယ်ကုသိုလ်ရယ်၊
  • လောကကျက်သရေ၊
  • မဟာသွေးစည်းမှုအောင်ပွဲနှင့် အာဇာနည်တို့ ၏ လာရာလမ်း၊
  • ကမ္ဘာပြုလက်နှင့် အလင်းတန်းဆောင်းပါးများ၊
  • လူတိုင်းအတွက် ပဌာန်း၊
  • ကံအကြောင်းလှပါစေနှင့် အလင်းတန်းအတွေးသစ်များ၊
  • ယောက်ျားမြတ်တို့ ၏ အမှတ်လက္ခဏာ ၊

ယခုအခါ မွန်ပြည်နယ် တောင်စွန်းမြို့  ရွှေစေတီဓမ္မဘေရီကျောင်းတိုက်မှာ ၀ါဆိုပြီး အမရပူရမြို့ ၊တူးမောင်းတိုက်နှင့်တောင်ကြီးမြို့ ၊သိမ်တောင်ပရိယတ္တိတိုက်တို့ မှာ ပဌာန်းစာဝါကို နှစ်စဉ်ပို့ ချရင်း စာပေများရေးသားနေပါတယ်။

Nov 18, 2010

ပဋိသမ္ဘိဒါ ၄-ပါး

၁။ အတ္ထ ပဋိသမ္ဘိဒါ

၂။ ဓမ္မ ပဋိသမ္ဘိဒါ

၃။ နိရုတ္တိ ပဋိသမ္ဘိဒါ

၎။ ပဋိဘာန ပဋိသမ္ဘိဒါ


၁။ အတ္ထ ပဋိသမ္ဘိဒါ  -  အကျိုးတရားအမျိုးမျိုးကို ထိုးဖောက်ပြီးတော့ သိမြင်တဲ့ဉာဏ်။

၂။ ဓမ္မ ပဋိသမ္ဘိဒါ  -  အကြောင်းတရားအမျိုးမျိုးကို ထိုးဖောက်ပြီးတော့ သိမြင်တဲ့ဉာဏ်။

၃။ နိရုတ္တိ ပဋိသမ္ဘိဒါ  -  ဘာသာအမျိုးအမျိုး၊ သဒ္ဒါအမျိုးမျိုး၊ ဝေါဟာရပညတ်အမျိုးမျိုးတို့ကို ထိုးဖောက်ပြီးတော့ သိမြင်နိုင်တဲ့ဉာဏ်။ ဒီဉာဏ်ကို ရသွားယင် ကမ္ဘာမှာရှိတဲ့ ဘာသာအားလုံးကို မသင်ရဘဲနဲ့ အကုန်တတ်တယ်။ ဘာသာကိုသာတတ်တာ မဟုတ်ဘူး၊ ဒီဘာသာမှာ သုံးနေတဲ့ သဒ္ဒါနည်းတွေကိုလည်း အကုန်လုံး တတ်တယ်။

၎။ ပဋိဘာန ပဋိသမ္ဘိဒါ - အခွင့်သင့်လာလို့ တရားဟောရမယ့် အချိန်အခါရောက်လာလို့ ဟောပြောတဲ့အခါမှာ သူများတကာ နားလည်နိုင်တဲ့ ပြောနည်း၊ ဆိုနည်း၊ ပြောဟန်၊ ဆိုဟန်တို့ကို အလိုအလျောက် ဉာဏ်မှာ ထင်လာတယ်။ ဥပမာ - ဥပမေယျနဲ့ ပြောမှု၊ ဆိုမှုကို သူ့ဉာဏ်မှာ တစ်ခါတည်း ထင်လာတယ်။ လွယ်လွယ်ကူကူနဲ့ တရားနာပရိသတ် နည်းလည်သွားအောင် ပြောနိုင်မယ့် နည်းနိဿယကို ဉာဏ်မှာ တစ်ခါတည်း အလိုလို ထင်လာတယ်။ အဲဒီဉာဏ်ကို ပဋိဘာန ပဋိသမ္ဘိဒါဉာဏ် လို့ခေါ်တယ်။

Nov 3, 2010

ကံပြုတဲ့နေရာက စေတနာ

ကံပြုတဲ့နေရာမှာ ဘာအရေးကြီးဆုံးလဲဆိုရင် စေတနာပါ။ ဒါကြောင့် မြတ်စွာဘုရားက "စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ၊ ရဟန်းတို့ စေတနာကို ကံလို့ ငါဘုရား ဟောတယ်"လို့ မိန့်ကြားထားတာပါ။ အဲဒီ စေတနာနဲ့ကံ၊ ကံနဲ့ စေတနာ ဘာထူးသလဲမေးရင် ပြုလုပ်ဆဲ အမှုတွေဟာ စေတနာပါ။ ပြီးပြီးသွားတာက ကံပါ။

ဥပမာ - ဝက်တစ်ကောင်ကို သတ်နေတယ်။ သတ်နေဆဲကာလဟာ စေတနာပါ။ သတ်ပြီးလို့ သေသွားတဲ့အခါ၊ သတ်ခြင်းကိစ္စ ပြီးသွားတဲ့အခါဟာ ကံပါ။ ဒီလိုပါပဲ ... ရဟန်းတစ်ပါးကို ဆွမ်းလောင်းနေဆဲဟာ စေတနာပါ၊ ဆွမ်းလောင်း ပြီးသွားတဲ့ အချိန်ဟာ ကံပါ။ ဒါကို ယောဆရာတော်ဘုရားရဲ့ "ပြုလုပ်ဆဲမှာ စေတနာ၊ ပြီးခါ ကံဟုသိ"ဆိုတဲ့ လင်္ကာလေးနဲ့ ကပ်မှတ်ထားလို့ ရပါတယ်။


ကောင်းမှု ပြုလုပ်ဆဲမှာပဲ ဖြစ်ဖြစ်၊ မကောင်းမှု ပြုလုပ်နေဆဲမှာပဲ ဖြစ်ဖြစ် စေတနာလေးတွေ ဆင့်ကဲဆင့်ကဲ ဖြစ်နေပါတယ်။ အဲဒီ စေတနာလေးတွေက အကြာကြီး တည်မနေပါဘူး။ ဥပါဒ်-ဌီ-ဘင် = ဖြစ် တည် ပျက် ဆိုပြီး ပျက်ပျက်သွားပါတယ်။ စာလို ပြောရင်တော့ ချုပ်ချုပ်သွားတာပါ။ ကောင်းတာ ပြုနေတဲ့အချိန်မှာ ကောင်းတဲ့ စေတနာလေးတွေက ဖြစ် တည် ပျက် ဆိုပြီး ခဏလေး တည်ပြီး ချုပ်ချုပ်သွား၊ အဲဒီလို ချုပ်သွားပေမယ့် ဘာလေးတွေ ကျန်ခဲ့သလဲဆိုတော့ ကမ္မသတ္တိလေးတွေပါ။

စေတနာလေးတွေ ချုပ်ချုပ်သွားလိုက်၊ ကမ္မသတ္တိလေးတွေ ကျန်ခဲ့လိုက်၊ ကြာလာတော့ ကမ္မသတ္တိလေးတွေက များလာပါတယ်။ ကမ္မသတ္တိလေးတွေဟာ ကောင်းတာပြုခဲ့ရင် ကောင်းတဲ့ ကမ္မသတ္တိလေးတွေ၊ မကောင်းတာ ပြုခဲ့ရင် မကောင်းတဲ့ ကမ္မသတ္တိလေးတွေ ကျန်နေခဲ့ပါတယ်။ လူတစ်ယောက်ကို အကျိုးပေးတယ်ဆိုတာလည်း အဲဒီကမ္မသတ္တိလေးတွေက အကျိုးပေးတာပါ။
အဲဒီကမ္မသတ္တိလေးတွေက ချက်ချင်းထ အကျိုးပေးသလားဆိုတော့ ချက်ချင်းတော့ ထ အကျိုးမပေးသေးပါဘူး။ အကြောင်းတိုက်ဆိုင်တဲ့အခါမှသာ ထ အကျိုးပေးတာပါ။

ဒါကို စာမှာ ဘယ်လို ဥပမာပေးထားသလိုဆိုတော့ သရက်သီးမှည့်ကို စားပြီး သွားတဲ့အခါ သရက်စေ့လေး ကျန်ခဲ့ပါတယ်။ အဲဒီ သရက်စေ့မှာ အပင်ပေါက်နိုင်တဲ့ ဗီဇသတ္တိလေး ရှိနေပါတယ်။ အပင်ပေါက်နိုင်တဲ့ ဗီဇသတ္တိလေးရှိနေတဲ့ သရက်စေ့ဟာ မြေကြီးနဲ့လည်း ထိတွေ့ခွင့် ရမယ်၊ မိုးဥတုနဲ့လည်း ထိတွေ့ခွင့်ရမယ်ဆိုရင် သရက်ပင်လေး ထပေါက်လာပါတယ်၊ အဓိကတော့ မြေကြီးရယ်၊ မိုးဥတုရယ်နဲ့ ကြုံကြိုက်ဖို့ပါပဲ။ အဲဒီ အင်္ဂါနှစ်ချက်နဲ့ မညီသေးရင် သရက်စေ့လေးဟာ အပင်ပေါက်နိုင်တဲ့ သတ္တိလေး ရှိနေပေမယ့် မပေါက်နိုင်သေးပါဘူး။

အဲဒီ သရက်သီးမှည့်နဲ့ သရက်စေ့လေးရဲ့ ဥပမာ အတိုင်းပါပဲတဲ့။ သရက်သီးမှည့်ကို စားနေဆဲ စားနေတဲ့ အချိန်ဟာ စေတနာပါတဲ့၊ စားပြီး အပင်ပေါက်နိုင်တဲ့ သရက်စေ့ ကျန်ခဲ့တာဟာ ကမ္မသတ္တိပါတဲ့။
သရက်စေ့ဟာ ချက်ချင်းထပြီး အပင်မပေါက်နိုင်သေးဘဲ မြေကြီး မိုးဥတုနဲ့ ထိတွေ့ခွင့်ရမှ အပင်ပေါက်နိုင်သလို လူတစ်ယောက်ရဲ့ ကမ္မသတ္တိဟာလည်း ချက်ချင်း အကျိုးမပေးနိုင်သေးပါဘူး။

ကောင်းတဲ့ ကမ္မသတ္တိတွေက ယောနိသောမန သိကာရ-ဆိုတဲ့ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတဲ့အခါ၊ ကလျာဏမိတ္တ-ဆိုတဲ့ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ ဆရာကောင်း-စတဲ့ မိတ်ဆွေကောင်းနဲ့ တွေ့ဆုံတဲ့အခါမှ ထအကျိုး ပေးတာပါ။

ဒီလိုပါပဲ ... မကောင်းတဲ့ ကမ္မသတ္တိလေးတွေကလည်း အယောနိသောမနသိကာရ အကုသိုလ်ဖြစ်အောင် နှလုံးသွင်းတဲ့အခါ ပါပမိတ္တ မိတ်ဆွေဆိုး မိတ်ဆွေယုတ်နဲ့ တွေ့ဆုံတဲ့အခါကျမှ ထအကျိုးပေးမှာပါ။
အဲဒီတော့ ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ကမ္မသတ္တိတွေဟာ ချက်ချင်းတော့ ထအကျိုးမပေးသေးပါဘူး။ ခြောက်လကြာမှ အကျိုးပေးချင် ပေးမယ်၊ ဆယ်နှစ်ကြာမှ အကျိုးပေးချင် ပေးမယ်၊ နောက်ဘဝကျမှပဲ အကျိုးပေးချင် ပေးမယ်။ နှစ်ဘဝမြောက်၊ သုံးဘဝမြောက်၊ ဆယ်ဘဝမြောက် ကျမှလည်း အကျိုးပေးချင် ပေးမယ်။ ပေးမှာတော့ ဧကန်မုချပါ။

ကောင်းတဲ့ ကမ္မသတ္တိပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့ ကမ္မသတ္တိပဲ ဖြစ်ဖြစ် ကိုယ့်သန္တာန်မှာ ကမ္မသတ္တိ မြောက်သွားပြီဆိုရင်တော့ ဘဝတစ်ခုမှာ ဧကန်မုချ အကျိုးပေးတော့မှာပါ။ အကျိုးပေး နီးတာနဲ့ ဝေးတာပဲ ကွာမှာပါ။

ကောင်းတာပြုပြီး အကျိုးမပေးသေးလို့ ဘာမှ စိတ်အားလျော့စရာ မလိုသလို၊ မကောင်းတာ ပြုပြီး အကျိုးမပေးသေးဘူး ဆိုပြီး ကံကို အထင်သေးနေလို့လည်း မရပါဘူး။

ကံဆိုတာ ပြုပြီးသွားရင် ကမ္မသတ္တိ မြောက်သွားတာဆိုတော့ ကောင်းတဲ့ ကံအတွက် ပြဿနာ မရှိပေမယ့် မကောင်းတဲ့ ကံအတွက်ကျတော့ မပြုခင် သေချာစဉ်းစားဖို့ လိုပါတယ်။ ဘဝတွေက ကျင်လည်ရဦး မှာပါ။ တစ်ဘဝထဲနဲ့ မပြီးသေးပါဘူး။ တစ်ဘဝထဲနဲ့ ပြီးပြတ်အောင် လုပ်နိုင်ရင်တော့ တစ်မျိုးပေါ့လေ။
ဘာပဲလုပ်လုပ် ကံဆိုတာ လုပ်ပြီးရင် ကမ္မသတ္တိကတော့ မြောက်သွားတာပါပဲ။ မလုပ်ခင် သေချာစဉ်းစားဖို့ပဲ လိုတာပါပဲလေ။

ကျမ်းကိုး -
၁။ ဓမ္မပဒ အဋ္ဌကထာ (ဒု)တွဲ ဥဂ္ဂသေနဝတ္ထု။
၂။ မင်းကွန်းဆရာတော်ကြီး၏ ဓမ္မဒေသနာ ပေါင်းချုပ် အတွဲ (၁)။

အရှင် ရာဇိန္ဒ (ရဝေနွယ်၊ အင်းမ) ၁၉၆၉ ~

Oct 31, 2010

မုနိရှစ်ဆူမော်ကွန်း

၁။ အကနိဋ္ဌဘုံမှာ အလောင်းတော်ရဲ့ ပုဆိုးကို ဌာပနာထားပြီး တည်ထားတဲ့ ဒုဿမုနိ စေတီတော်
၂။ တာဝတိံသာမှာ အလောင်းတော်ရဲ့ ဆံတော်ကို ဌာပနာထားပြီး တည်ထားတဲ့ စူဋ္ဌာမုနိစေတီတော်
၃။ ကပ္ပိလဝတ်ပြည်မှာ ခမည်းတော် သူဒ္ဓေါဒနမင်း ထုလုပ်ကိုးကွယ်တဲ့ သကျမုနိစေတီတော်
၎။ သာဝတ္ထိပြည်မှာ ပေဿနဒီမင်း ထုလုပ်ကိုးကွယ်တဲ့ စိန္တာမုနိ စေတီတော်၊
၅။ ရာဇဂြိုဟ်ပြည်မှာ အဇာတသတ်မင်း ထုလုပ်ကိုးကွယ်တဲ့ ရာဇမုနိ စေတီတော်၊
၆။ ဟိမဝန္တာမှာ မဟေသရနတ်မင်း ထုလုပ်ကိုးကွယ်တဲ့ လောကမုနိစေတီတော်၊
၇။ ဓညဝတီပြည်မှာ စန္ဒသူရိယမင်း သွန်းလုပ်ကိုးကွယ်တဲ့ မဟာမုနိစေတီတော်၊
၈။ အမရပူရပြည်မှာ ဘိုးတော်ဘုရား သွန်းလုပ်ကိုးကွယ်တဲ့ စန္ဒာမုနိ စေတီတော်..ရယ်လို့ ရှစ်ပါးရှိပါတယ်။

ထိုရှစ်ပါးအနက် စန္ဒာမုနိ စေတီတော်မှ တစ်ပါး ကျန်သော မုနိခုနစ်ဆူဟာ ဘုရားရှင်လက်ထက်တော်က ဖြစ်ပါတယ်။ မုနိခုနှစ်ဆူအနက် ဒုဿမုနိစေတီတော်နှင့် စူဋ္ဌာမဏိ စေတီတော်တို့ကတော့ ရုပ်ပွားတော် မဟုတ်ကြပါဘူး။ ကျန်သော ၅-ဆူကတော့ ရုပ်ပွားတော် (ဥဒ္ဒိဿကစေတီတော်)များ ဖြစ်ကြပါတယ်၊

 ကျောက်စာဌာနမှ ပညာရှင်တို့၏ ခေတ်သစ်အယူအဆ

သာသနာနှစ် ၅၀၀-လောက်မှာ အိန္ဒိယပြည်ကြီးရဲ့ အနောက်မြောက်နယ်ဖြစ်တဲ့ ကသျှမီရ၊ ဂန္ဓရနယ်ကို ဂရိတို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြတယ်၊ ထိုအခါ ကသျှမီရ၊ ဂန္ဓာရနယ်တစ်ဝန်းမှာလည်း ထေရဝါဒဂိုဏ်း အားနည်းပြီး မဟာယာနဂိုဏ်း အားကောင်းနေတယ်၊ ဝင်ရောက်လာတဲ့ ဂရိများဟာ မဟာယနဂိုဏ်းရဲ့ လွှမ်းမိုးမှုကြောင့် မဟာယနဂိုဏ်း ဗုဒ္ဓဘာသာများ ဖြစ်လာကြပါတယ်၊ မဟာယနသာသနာဟာ တစ်ချို့နေရာများမှ ဟိန္ဒူတို့ရဲ့ အယူဝါဒနှင့် ရောနှောနေတယ်၊ ဟိန္ဒူတို့က ကိုးကွယ်ခံရုပ်တုများ ထုလုပ်ကိုးကွယ်တာကို နမူနာယူပြီး ဂရိဘာသာဝင်တို့ကလည်း ဗုဒ္ဓရုပ်ပွားတော် စတင် ထုလုပ်ကိုးကွယ်ခဲ့ကြတယ်၊ ဂရိတို့ ထုလုပ်တဲ့ ရုပ်ပွားတော်များကို အတုယူပြီး ရုပ်ပွားတော် ထုလုပ်ကိုးကွယ်မှုဟာ ကမ္ဘာမှာ ပျံ့နှံ့လာပါတယ်၊ ရုပ်ပွားတော်များ စတင်ထုလုပ် ကိုးကွယ်တာဟာ မဟာယနဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါတယ်၊ နောင်အခါ ဘုရားရှင်ကို အာရုံပြုရာမှာ ရုပ်ပွားတော်ရှိလျှင် ပိုမိုလွယ်ကူတယ်လို့ ယူဆပြီး ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ကလည်း ရုပ်ပွားတော်ကိုးကွယ်လာကြပါတယ်၊ သည်ပညာရှင်များရဲ့ အလိုအရ ဗုဒ္ဓရုပ်ပွားတော်များဟာ သာသနာသက္ကရာဇ် ၅၀၀-ကျော် AD 1 Century လောက်ကမှ စတင်ဖြစ်ပေါ်လာပါတယ်၊ AD 1 Century ရဲ့ အထက်ကတော့ ရုပ်ပွားတော် ကိုးကွယ်မှု မရှိသေးဘူးလို့ ယူဆကြပါတယ်။

အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (တည်တောဆရာတော်၊ ထီးချိုင့်မြို့)

Oct 30, 2010

စားဖို့လုပ်ခြင်းထက်...

စားရဖို့ ရည်ရွယ်ချက်ဖြင့် အလုပ်လုပ်သူများသည် ရည်ရွယ်ချက် သေးနုပ်သည့်အတွက် အားလျော်စွာ သူတို့၏ လုပ်အားခသည် စားသောက်ရန်အတွက်လောက်သာ ရတတ်သည်။

အကျိုးပြု လုပ်ငန်းများ လုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် စားသောက်သူများသည် သူတို့၏ ရည်ရွယ်ချက် မွန်မြတ်သည့် အားလျော်စွာ စားသောက်ဖို့ထက် ပိုမိုပြီး အကျိုးပြုလုပ်ငန်းများ လုပ်နိုင်အောင် အကျိုးရတတ်သည်။

ဘဒ္ဒန္တတိလောကာဘိဝံသ (ရွာမအင်းစိန်)

သတ္တိနှင့် ဗျတ္တိ

ထန်းတက်သမား၏ ထန်းပင်ကို တက်နိုင်သော အစွမ်းသည် သတ္တိ၊
ထိုယောက်ျား၏ အားအင်ကို ထုတ်၍ ထန်းပင်ကို တက်လိုက်ခြင်းသည်၊ ဗျတ္တိ ဖြစ်သည်။

ရေငုပ်တတ်သူ၏ ရေအောက်၌ ငုပ်နိုင်သော အစွမ်းသည် သတ္တိ၊
ထိုယောက်ျား၏ ကျင်လည်စွာသော ရေငုပ်ပြခြင်းသည် ဗျတ္တိ ဖြစ်သည်။

တောင်တန်းဆရာတော် ဦးဥတ္တမသာရ

ကြာလိုလူဖြစ်ချင်လျှင်..

၁။ သဒ္ဓါ၊ သီလ-စသည့် အင်္ဂါငါးပါးနှင့် ပြည့်စုံလျှင် ကြာလိုလူ၊
၂။ အသိဉာဏ်ရှိသူသည် ကြာလိုလူ၊
၃။ ကမ္မဿကတ သမ္မာဒိဋ္ဌိဉာဏ်ရှိသူသည် ကြာလိုလူ၊
၎။ လောကဓံကို ကြံ့ကြံ့ခံနိုင်ရည်ရှိသူသည် ကြာလိုလူ၊
၅။ ဝိပဿနာဉာဏ် ရင့်သန်ထက်မြက်သူသည် ကြာလိုလူ၊
၆။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို အာရုံပြုနိုင်သူသည် ကြာလိုလူ။

အရှင်ဆန္ဒာဓိက၊ အပ္ပမာဒ ၅/၁။

Oct 29, 2010

တောင်းသောဆု ရနိုင်..

မိဘတို့ကို မွေးတုံ့၊ မွေးလှည့်ပြုသော သားသမီးတို့သည် အမြတ်ဆုံး အနုဂါမိက ရွှေအိုးကို မြှပ်ထားရသည် မည်၏။ ထိုရွှေအိုးကို ရန်သူမျိုးငါးပါးတို့သည် ထုတ်ဖော်ဖျက်ဆီးခြင်းငှာ မတတ်နိုင်ကုန်၊  အရိပ်ကဲ့သို့ အစဉ်တစိုက်လိုက်၍ လောကီ ကောင်းကျိုး၊ လောကုတ္တရာ ကောင်းကျိုးကို ပေးနိုင်၏။ "အကြင် အကြင်ဆုကို တောင့်တ၏။ ထိုထို ဆုအလုံးစုံကို ရ၏" ဟူ၍ နိဓိကဏ္ဏသုတ်၌ ဘုရားရှင်၏ အမိန့်တော်မြတ် ရှိသည်။ ထို့ကြောင့် သုတ္တနိပါတ်တွင် "မာတာပိတုဥပဋ္ဌာနံ" ဟူ၍ မိဘတို့ကို လုပ်ကျွေးခြင်းသည် "စည်းစိမ်ချမ်းသာ ကြီးပွားကြောင်း မင်္ဂလာ" ဟူ၍ ဘုရားရှင် မိန့်ကြားတော်မူခြင်း ဖြစ်သည်။

အုတ်ဖိုဆရာတော်ကြီး ဘဒ္ဒန္တဥက္ကံသမာလာ

အဘိဓဇ မဟာရဋ္ဌဂုရု လက္ခဏာ

၁။ အဂ္ဂမဟာ ပဏ္ဏိတဘွဲ့ တံဆိပ်တော်ကို ရရှိပြီးခြင်း။
၂။ အနည်းဆုံး သိက္ခာဝါ ၄၀ ရရှိခြင်း။
၃။ ဗဟုသုတ၊ အကြားအမြင်များခြင်း။
၎။ လူရှင်တို့အား ကျေးဇူးများသော ဗုဒ္ဓဘာသာ စာပေကျမ်းဂန် ရေးသားခြင်း။

အဂ္ဂမဟာ ပဏ္ဏိတဘွဲ့ လက္ခဏာ

၁။ ပါဋ္ဌိတော်၊ အဋ္ဌကထာ၊ ဋီကာ - စသည်တို့၌ ကျွမ်းကျင် လိမ္မာခြင်း။
၂။ ပါဋ္ဌိတော်၊ အဋ္ဌကထာ၊ ဋီကာ - စသည်တို့၌ အမြဲမပြတ် ပို့ချနေခြင်း။
၃။ အနည်းဆုံး သိက္ခာဝါ ၂၀ ရရှိခြင်း။
၎။ ပါဋ္ဌိတော်၊ အဋ္ဌကထာ၊ ဋီကာ - စသည်တို့၌ ကျွမ်းကျင် လိမ္မာသည်-ဟု ကျော်ကြားခြင်း။

Oct 27, 2010

ပုညကိရိယာဝတ္ထု (၁၀)ပါး

မမေ့မလျော့ရှိပြီး ပွားများရမည့် ကုသိုလ်တရားလည်း  (၁၀)ပါး ရှိလေ၏။ ထိုကုသိုလ်တရား (၁၀)ပါးကို စာရိတ္တအကျင့်တရား-ဟုလည်း ခေါ်လေသည်။ ပုညကိရိယာဝတ္ထု-ဟုလည်း ခေါ်၏။ ထို(၁၀)ပါးကား -

(၁) ဒါန        - စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၊
(၂) သီလ    - (၅)ပါး၊ (၈)ပါး အစရှိသည့် ရှောင်ကြဉ်မှုများကို စောင့်ထိန်းခြင်း၊
(၃) ဘာဝနာ    - သမထ၊ ဝိပဿနာ ကမ္မဋ္ဌာန်းများ အားထုတ်ခြင်း၊
(၄) အပစာယန    - ရိုသေ လေးစားထိုက်သူများအား ရိုသေ လေးစားခြင်း၊
(၅) ဝေယျာဝစ္စ    - သူတစ်ပါးတို့၏ ကုသိုလ်ကိစ္စများ၌ ဝိုင်းဝန်းကူညီခြင်း၊
(၆) ပတ္ထိဒါန    - မိမိ ကုသိုလ် ကောင်းမှုအဖို့ကို အမျှပေးဝေခြင်း၊
(၇) ပတ္တာနုမောဒနာ    - သူတစ်ပါး ပြုသော ကောင်းမှု ကုသိုလ်အဖို့ကို ဝမ်းမြောက်သာဓုခေါ်ခြင်း၊
(၈) ဓမ္မသဝန    - တရားနာခြင်း၊ တရားစာပေဖတ်ခြင်း၊ တရားစာပေ လေ့လာသင်ယူခြင်း၊
(၉) ဓမ္မဒေသနာ    - တရားဟောခြင်း၊ တရားစာပေပို့ချခြင်း၊ တရားစာပေ ကျမ်းဂန်များ ရေးသားခြင်း၊
(၁၀) ဒိဋ္ဌိစုကမ္မ    - ကံ၊ ကံ၏ အကျိုးမှစ၍ မဂ်ဖိုလ်နိဗ္ဗာန်တိုင်အောင် ယုံကြည်ချက် ရှိစွာဖြင့် ကောင်းသော အယူကို ဖြူစင် ဖြောင့်မှန်အောင် ပြုလုပ်ခြင်း။

သာသနာခေတ်များ

မြတ်စွာဘုရားရှင် ထားတော်မူခဲ့သော သာသနာနှစ် ငါးထောင်သည် -
၁။ ဝိမုတ္တိယုဂ ခေတ်
၂။ သမာဓိယုဂ ခေတ်
၃။ သီလယုဂ ခေတ်
၎။ သုတယုဂ ခေတ်
၅။ ဒါနယုဂ ခေတ် - ဟူ၍ ခေတ် ၅-ခေတ် အစဉ်အတိုင်း ပြောင်းလဲလာသည်။




စွယ်တော် လေးဆူ

ဗုဒ္ဓရဲ့ စွယ်တော်မြတ်လေးဆူတို့သည် သုတ်မဟာဝါပါဋ္ဌိတော် ပရိနိဗ္ဗာနသုတ် အဆုံးမှာ -
"ဧကာ ဟိ ဒါဌာ တိဒိဝေဟိ ပူဇိတာ၊ ဧကာ ပန ဂန္ဓာရပုရေ မဟီယတိ။ 
ကလိင်္ဂရညော ဝိဇိတေ ပုနေကံ၊ ဧကံ ပန နာဂရာဇာ မဟေတိ" လို့ ဆိုတဲ့အတိုင်း

၁။ တာဝတိံသာ စူဋ္ဌာမဏိ စေတီထဲ၌ တစ်ဆူ၊
၂။ နဂိုက ဂန္ဓာရတိုင်းခေါ် အခု အာဖဂန်နစ္စတန် တောင်ပိုင်း၌ တစ်ဆူ၊
(အဲဒါကို တချို့က တရုပ်ဘုန်းကြီးတွေ ယူသွား၏ - ဟု ဆို၏။)
၃။ နဂိုက မြန်မာပြည် အနောက်ဘက် ကလိင်္ဂတိုင်း-ဆိုတာ ရှိတယ်။ အဲဒီတိုင်းပြည်ပျက်တဲ့အခါ ဟေမမာလာမင်းသမီးနှင့် မင်းသားတို့သည် ထီးနန်းစည်းစိမ်ကို စွန့်ပြီး စွယ်တော်ကို ယူကာ မြန်မာပြည်ထဲ ဝင်လာပြီး သီဟိုဠ်ဘက်ကို သွားကာ ရှေးက သီဟိုဠ် ယနေ့ သီရိလင်္ကာနိုင်ငံ ကန္နီမြို့ စွယ်တော်တိုက်ထဲတွင် ပူဇော်ထား၏။
၎။ ဘောဂဝတီ နဂါးပြည် ဘုရားထဲတွင် စွယ်တော်တစ်ဆူ - ကို ပူဇော်ထား၏။

အာနာပါန အကျိုး ၅-မျိုး

၁။ အာနာပါန ကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့ပါမူ ယခုခေတ်၊ ယခုကာလ၊ ယခုဘဝ၌ပင်လျှင် ရဟန္တာအဖြစ်သို့ ရောက်နိုင်၏။
၂။ အကယ်၍ အသက်ရှိစဉ် ရဟန္တာအဖြစ်သို့ မရောက်သေးပါမူ သေခါနီးကာလ၌ သမသီသိ ရဟန္တာအဖြစ်သို့ ရောက်နိုင်သေး၏။
၃။ အကယ်၍ သမသီသိ ရဟန္တာ မဖြစ်နိုင်သေးပါမူ နတ်ပြည်သို့ ရောက်သောအခါ ဓမ္မကထိကနတ်သား တရားသံကို ကြားရ၍ ရဟန္တာအဖြစ်သို့ ရောက်ရှိနိုင်၏။
၎။ အကယ်၍ နတ်ပြည်၌ ရဟန္တာ မဖြစ်သေးပါမူ အရိမေတ္တယျဘုရား မပွင့်မီ ပစ္စေကဗုဒ္ဓါ အဖြစ်သို့ ရောက်နိုင်သေး၏။
၅။ အကယ်၍ ပစ္စေကဗုဒ္ဓါ မဖြစ်သေးပါမူ ပွင့်တော်မူလတ္တံ့ ကုန်သော အရိမေတ္တယျ အစရှိကုန်သော ဘုရားသခင်ကိုယ်တော်မြတ် ခြေတော်ရင်း၌ ဒါရုစိရိယမထေရ်ကဲ့သို့ ခိပ္ပါဘိညရဟန္တာ ဖြစ်ရတော့သည်။

မဟာရာဟုလောဝါဒသုတ်(အကျဉ်း)

ရှင်းချက်။   ။ အာနာပါန ကမ္မဋ္ဌာန်းကို ရှုမှန်လျှင် ဒီဘဝတွင် ရဟန္တာ ဖြစ်နိုင်သည်၊ အကယ်၍ ဒီဘဝ ရဟန္တာ မဖြစ်သေးပါမူ ဂေါမိကမထေရ်ကဲ့သို့ သမသီသိရဟန္တာ ဖြစ်ရသည်၊ ဘယ်လိုရဟန္တာ ဖြစ်သလဲဆိုတော့ ..
ဂေါမိက-ဆိုတဲ့ ရဟန်းတစ်ပါးဟာ ဈာန်ကိုရသတဲ့။ ၄င်း ဂေါဓိကမှာ သူရသော ဈာန်ဟာ ခုနှစ်ကြိမ်တိုင်တိုင် လျှောလျှောကျ၍ ခဏခဏ ဈာန်ကို ပြန်ပြီးရအောင် အားထုတ်ရလေသည်။
တစ်နေ့သာအခါ ဂေါဓိကမထေရ်စိတ်၌ ဖြစ်ပေါ်လာသည်မှာ "ဈာန်လျောပြီး သေရပါမူ ဂတိမမြဲ၊ ငရဲသို့ပင် သွားမည် စိုးရိမ်လှ၍ ၄င်းဈာန်ရဆဲမှာပင် ငါ့သေတော့အံ့"ဟု  အကြံအစီဖြစ်ကာ ဈာန်တန်းလန်းနှင့် မိမိလည်မျိုကို ထက်လှစွာသော သားလှီးဓားဖြင့် လှီးဖြစ်၍ သတ်ကာသေလေသည်၊ အမြဲတရား လက်ကိုင်ရှိပြီး ဖြစ်လေသောကြောင့် ရဟန္တာလည်းဖြစ်၊ သေလည်းသေ နှစ်ချက် တစ်ပြိုင်နက်တူညီကာ သမသီသိရဟန္တာ ဖြစ်ကာ ပရိနိဗ္ဗာန် ပြုရရှာသည်။

သာဝတ္ထိဆန်း

အဘိဓာနပ္ပဒီပိကာပါဌ် (၄၁၇)မှာ ---
ဂါယတ္ထိပ္ပမုခံ ဆန္ဒံ၊ စတုဗ္ဗီသက္ခရံ တု ယံ။
ဝေဒါနမာဒိဘုတံ သာ၊ သာဝိတ္ထီ တိပဒံ သိယာ - လို့ ပြထားပါတယ်။ အနက်ကတော့ -
ဂါယတ္တီပ္ပမုခံ- ဂါယတ္တီဆန်း အစရှိသည်သည်၊ ဆန္ဒံ - ဆန်းမည်၏ ၊ တု - အထူးကို ဆိုဦးအံ့၊ စတုဝီသက္ခရံ - အက္ခရာ ၂၄လုံး ရှိသော၊ ဒေဝါနံ - ပိဋကတ်သုံးပုံတည်းဟူသော ပရမတ္ထဗေဒင်တို့၏၊ အာဒိဘူတံ - အစဖြစ်၍ ဖြစ်သော၊ တိပဒံ - သုံးပဒရှိသော၊ ယံ - အကြင်ဆန်းသည်၊ အတ္ထိ - ရှိ၏ ၊ သာ - ထိုဆန်းသည်၊ သာဝိတ္ထီ - သာဝတ္ထီဆန်း မည်သည်၊ သိယာ-ဖြစ်၏ ။

သည်ဂါထာရဲ့ အဓိပ္ပာယ်က မြန်မာများကဗျာဖွဲ့သလို ပါဋ္ဌိကဗျာ ဂါထာဖွဲ့ဆိုတဲ့ကျမ်းကို ဆန်းကျမ်း-လို့ခေါ်ပါတယ်၊ ဆန်းကျမ်းဟာ လောကီကျမ်းသက်သက်ပဲ၊ လောကုတ္တရာကျမ်း မဟုတ်ပါဘူး။ အဲသည် ဆန်းကျမ်းရဲ့ အစဟာ ဂါယတ္ထီဆန်းတဲ့၊ ဂါယတ္ထီ-ဆိုတဲ့စကားနှင့် ဂါထာ-ဆိုတဲ့စကားဟာ အဓိပ္ပာယ်ချင်း တူပါတယ်၊ ရွတ်ဆိုတဲ့အတွက် ဂါယတ္ထီ (သို့) ဂါထာလို့ ခေါ်တာတဲ့၊ မြန်မာသီချင်းဆိုတာနှင့် တူပါတယ်၊ အဲသည်ရွတ်ဆိုတဲ့ သီချင်းဂါထာဟာ တစ်လုံးဘွဲ့က စပြီး ရှိတယ်၊ အစဉ်အတိုင်း ပြောရမယ်ဆိုလျှင် -

၁ - လုံးဖွဲ့  ဥတ္တဆန်း   - ကံ၊ မေ၊ သံ၊ ဘူ။
၂  - လုံးဖွဲ့  အစ္စုတဆန်း   - ကောတေ၊ သတ္ထာ၊ ဗုဒ္ဓေါ၊ ဓမ္မော။
၃  - လုံးဖွဲ့  မဇ္ဈာဆန်း   - တိဏ္ဏောဟံ၊ တာရေဿံ၊ ဝေနေယျံ၊ ဒုဿန္နံ။
၎  - လုံးဖွဲ့  ပတိဋ္ဌာဆန်း  - ယောဟံ ဗုဒ္ဓ၊ ပူဇေဿံ သေ၊ ဓမ္မံ သံဃံ၊ နိေဿ သဋ္ဌံ။
၅  - လုံးဖွဲ့  သုပ္ပတိဋ္ဌာဆန်း  - သုဇုတိဓရံ၊ တိတသုခဒံ၊ ဝရဂုဏဇံ၊ ဇိနဘိနမေ။

သည် ၅-လုံးဖွဲ့အထိ ဂါထာများဟာ ဆန်းတော့ ဆန်းဂါထာများပဲ၊ သို့သော်လည်း ရွတ်ဆိုရာမှာ အရာမရောက်လို့ ဂါယတ္ထီဆန်းတွင်းကို မထည့်သွင်းဘူး၊ တစ်ပဒလျှင် အက္ခရာ ၆-လုံး၊ ၄-ပဒ အက္ခရာ ၂၄လုံးရှိမှ ဂါယတ္ထီဆန်းအတွင်း ပါဝင်တယ်၊ ဒါကြောင့် ဂါယတ္ထီ ၆-လုံး ဖွဲ့ဆန်းကို ဆန်းကျမ်း (ဝါ) ဂါထာတို့ရဲ့ အစလို့  ဆိုတယ်၊ ၆-လုံးဖွဲ့ ဂါယတ္ထီဆန်းက တက်ခဲ့လျှင် -
၇  - လုံးဖွဲ့  ဥဏှီဆန်း               -  ကုမာရလလိတာဂါထာ၊
၈  - လုံးဖွဲ့  အနုဋ္ဌုဘဆန်း         -  ဓိတြပဒဂါထာ စသည်၊
၉  - လုံးဖွဲ့  ဗြဟတီဆန်း           -  ဟလမုခီဂါထာ စသည်၊
၁၀ - လုံးဖွဲ့  ပန္တီဆန်း                 - သုဒ္ဓဝိရာဇိတဂါထာ စသည်၊
၁၁ - လုံးဖွဲ့  တုဋ္ဌဘဆန်း           - ဣန္ဒဝဇိရာဂါထာ စသည်၊
၁၂ - လုံးဖွဲ့  ဇဂတိဆန်း             -  ဝိသဋ္ဌဂါထာ စသည်၊
၁၃ - လုံးဖွဲ့  အတိဇဂတိဆန်း     -  မဟာသိနီဂါထာ စသည်၊
၁၄ - လုံးဖွဲ့  သက္ကရိဆန်း           -  အပရာဇိတဂါထာ စသည်၊
၁၅ - လုံးဖွဲ့  အတိသက္ကရိကဆန်း   -  အသိကလာဂါထာ စသည်၊
၁၆ - လုံးဖွဲ့  အဋ္ဌိဆန်း                -  ဝါနိနီဂါထာ စသည်၊
၁၇ - လုံးဖွဲ့  အတိအဋ္ဌိဆန်း         -  သိခရဏီဂါထာ စသည်၊
၁၈ - လုံးဖွဲ့  ဓုတိဆန်း                 -  ကုသုမိတ လတာ ဝေလ္လိတဂါထာ စသည်၊
၁၉ - လုံးဖွဲ့  အတိဓုတိဆန်း         -  မေဃဝိဗ္ဖုဇ္ဇိတဂါထာ စသည်၊
၂၀ - လုံးဖွဲ့  ကတိဆန်း               -  ဝုတ္တဂါထာ၊
၂၁ - လုံးဖွဲ့  ပကတိဆန်း             -  သဒ္ဒရာဂါထာ၊
၂၂ - လုံးဖွဲ့  အာဂတိဆန်း            -  ဘဒ္ဒကဂါထာ၊
၂၃ - လုံးဖွဲ့  ဝိဂတိဆန်း                -  လလိတာဂါထာ၊
၂၄ - လုံးဖွဲ့  သံကတိဆန်း            -  တနုဂါထာ၊
၂၅ - လုံးဖွဲ့  အဘိက္ကတိဆန်း        -  ကောဉ္ဇပဒဂါထာ၊
၂၆ - လုံးဖွဲ့  ဥက္ကတိဆန်း              -  ဘုဇင်္ဂဝိဇမ္ဘိတဂါထာ။

သည်ဂါထာတွေဟာ ဝုတ္တောဒယဆန်းကလာတဲ့ ဂါထာတွေပဲ ဖြစ်ပါတယ်၊ ဝုတ္တောဒယ-ဆိုတဲ့ လောကီကျမ်းကလာတာ မဟုတ်ပါဘဲ သာသနာတော်အတွင်း ချဉ်းနင်းဝင်ရောက်ရာ အဦးအစဖြစ်တဲ့ လောကုတ္တရာဂါထာ-ဆိုတာလည်း ရှိပါသေးတယ်။

လောကီဆန်းကျမ်းက တစ်ပဒလျှင် အက္ခရာတစ်လုံးကစပြီး လေးပဒစီ ဖွဲ့ရတယ်၊ လောကုတ္တရာဂါထာတော်ကတော့ တစ်ပဒလျှင် အက္ခရာ ၈-လုံး၊ သုံးပဒစီဖွဲ့တဲအတွက် အက္ခရာပေါင်း ၂၄-လုံး ရှိပါတယ်၊ အဲသည်အက္ခရာ ၂၄-လုံးရှိ၍ သာသနာတော်အတွင်း ဝင်ရောက်ရာ အဦးအစဖြစ်တဲ့ ဆန်းဂါထာကိုတော့ သာဝတ္ထီဆန်း သာဝိတ္ထီဂါထာ-လို့ ခေါ်ပါတယ်၊ အဲသည် သာဝိတ္ထီဂါထာဟာ ဘယ်ဟာလဲဆိုတော့ "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ" ဆိုတဲ့ သရဏဂုံ သုံးပါး ဂါထာဖြစ်ပါတယ်။  သည် သာဝတ္ထိဂါထာဟာ သာသနာတော်အတွင်း ဝင်ရောက်ရာ အစအဦးဂါထာဖြစ်ကြောင်း သုတ္တနိပါတ် ပါဋ္ဌိ ၃၆၃ နှင့် မဇ္ဈိမပဏ္ဏာသပါဋ္ဌိ ၃၄၇ မှာ ဘုရားရှင် ဟောတော်မူထားပါတယ်။

အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (တည်တောဆရာတော်၊ ထီးချိုင့်မြို့)

Oct 25, 2010

မော်ကွန်းတင်ထိုက်သော သြဝါဒ

ယနေ့ မြန်မာနိုင်ငံနယ်ပယ်၌ သုဓမ္မာ၊ ရွှေကျင်၊ ဒွါရ စသည်ဖြင့် ဂိုဏ်းကွဲပြားသည်ဟု ဆိုရသည်မှာကား အမှန်စင်စစ် ကွဲပြားသည်ဟုပင် ပြောသင့်သည်မဟုတ်ပါ။ ပြောဆိုရမည် မဟုတ်ပါ။ မြန်မာပြည်၌ ဗုဒ္ဓသာသနာတော်နှင့်စပ်၍ ဝါဒကွဲပြားသောဂိုဏ်းဟူ၍ မရှိဟု ရဲရဲပြောနိုင်ပါသည်။

သုဓမ္မာသံဃာ၌လည်း ဤဝိနည်း၊ ဒွါရ သံဃာ-စသည်တို့၌လည်း ဤဝိနည်း၊ ရွှေကျင်သံဃာ၌လည်း ဤဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာများလည်း မကွဲမပြား အတူတူပင် ဖြစ်ကြပါသည်။ အကွဲအပြား မရှိကြပါ၊ သို့ဖြစ်၍ ပြောလိုသည်မှာ ဆရာသမားတို့၏ အမည်နာမ ပညတ်ကို အစွဲပြု၍ သုဓမ္မာဂိုဏ်း၊ ရွှေကျင်ဂိုဏ်း၊ ဒွါရဂိုဏ်း-ဟု ဆိုကြသော်လည်း အမှန်စင်စစ် ကွဲပြားကြသည် မဟုတ်ကြောင်းကို ပြောလိုပါသည်။

အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင်သာသနာပိုင်၊ အရှင်ပဏ္ဏိတထေရ် ရွှေဟင်္သာဆရာတော်

အဘိဓမ္မာ ဟောချိန်

၁။ ဓမ္မသင်္ဂဏီကျမ်း       -  ၁၂ ရက်
၂။ ဝိဘင်းကျမ်း             -  ၁၂ ရက်
၃။ ဓာတုကထာကျမ်း    -     ၆ ရက်
၎။ ပုဂ္ဂလပညတ်ကျမ်း   -     ၇ ရက်
၅။ ကထာဝတ္ထုကျမ်း      -     ၈ ရက်
၆။ ယမိုက်ကျမ်း             -   ၂၀ ရက်
၇။ ပဋ္ဌာန်းကျမ်း              -  ၂၅ ရက်

ဓမ္မသင် ဝိဘင်္ဂ ဒွာဒသ ရက်စီ၊ ခြောက်ရက်ကြာ ကျမ်းဓာတုရယ်နှင့်
ပုဂ္ဂလာ ခုနှစ်ရက် ဟောမြွတ်ခဲ့သည်၊
ကထာဝတ် ရှစ်ရက်ညီ ဝီသာပယမိုက်ကျမ်း၊ ပဉ္စဝီ ပဋ္ဌာနရယ်လို့ လသုံးလီ မယ်တော်မိကို
ဟောသည့်မှတ်တမ်း။

ရှေးဆရာတော်ကြီးများ

အရဟံ ဇယံ ဘုရားရှိခိုး

အရဟံ ဗဟိ အန္တဇယံ သုဂတံ၊
အမိတံ ဝိရဇံ လလိတံ အတုလံ၊
စရဏံ တိဘဝူပသမံ ယမကံ၊
သုခဒံ သရဏံ ပဏမာမိ ဇိနံ။

၁။ အရဟံ - ပူဇော်အထူးကို ခံယူတော် မူထိုက်သော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၂။ ဗဟိ အန္တဇယံ - အတွင်းအပရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၃။ သုဂတံ - ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၎။ အမိတံ - မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။ 
၅။ ဝိရဇံ - ကိလေသာမြူတို့မှ ကင်းတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၆။ လလိတံ - တင့်တယ်သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၇။ အတုလံ - အတုမရှိသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၈။ စရဏံ - အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၉။ တိဘဝူပသမံ - ဘုံသုံးပါး၌ ကိလေသာတို့မှ ငြိမ်းအေးတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၁၀။ ယမကံ - ရေ၊ မီးအစုံ အစုံ တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၁၁။ သုခဒံ - ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၁၂။ သရဏံ - ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၁၃။ ဇိနံ - မာရ်ငါးပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
ဘုရားရှေ့တွင် (၁၀၈)ခေါက် ပုတီးစိပ်၍ လိုရာအဓိဋ္ဌာန်ပါ။

ဝါးချက်မင်းကျောင်းဆရာတော်ကြီးနှင့် မန္တလေးတောင်ရသေ့ကြီး ဦးခန္တီ

ဝါးချက်မင်းကျောင်း ဆရာတော်ကြီးသည် မင်းတုန်းမင်းကြီး၏ ငယ်ဆရာဖြစ်သည်။ သက်တော်ကြီးရင့်တော်မူသောအခါ စစ်ကိုင်းဘက်သို့ တောထွက်တော်မူ၍ တရားဘာဝနာအလုပ် အားထုတ်နေသည်ကို မင်းတုန်းမင်းကြီး သိရှိ၍ ကျောင်းဆောက် လှူဒါန်းတော်မူ၏။ ထိုကျောင်းကို "မင်းကျောင်း"ဟု ခေါ်တွင်လေ၏။

အနီးအနားဝန်းကျင်မှ ကျေးရွာများကိုလည်း ဆွမ်းဝတ်မပြတ် ချက်ကပ်လှူဒါန်းကြရန် အမိန့်သတ်မှတ်စေခိုင်းသဖြင့် ထိုရွာကိုလည်း "ဝတ်ချက်ရွာ"ဟု ခေါ်တွင်လာကြ၏။ တစ်နေ့သ၌ မန္တလေးတောင် ရသေ့ကြီးဦးခန္တီသည် ရဟန္တာဟု ကျော်ကြားတော်မူသော ဝါးချက်မင်းကျောင်းဆရာတော်ကြီးအား သွားရောက်ဖူးမျှော်လေ၏။

ထိုအခါ ဆရာတော်ကြီးက ရသေ့ကြီးဦးခန္တီအား "တန်ခိုးအစွမ်းကို လက်တွေ့ပြစမ်းပါ"ဟု အမိန့်ရှိတော်မူလေ၏။  ရသေ့ကြီး ဦးခန္တီက "မှန်လှပါဘုရား၊ တပည့်တော်ကို ဘုရားရှေ့တွင် ပုတီးစိတ်ခွင့်ပြုတော်မူပါဘုရား"ဟု လျှောက်ထားပြီး ဘုရားခန်းသို့ ဝင်၍ (၄၅)မိနစ်ခန့် ပုတီးစိတ်ပြီး ပြန်ထွက်လာ၏။ (၁၅)မိနစ်ခန့်ကြာသော် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော ဒါယကာတစ်ယောက် ရောက်လာပြီး ရသေ့ကြီးဦးခန္တီအား အထုပ်တစ်ထုပ် လှူဒါန်း သွားလေ၏။ ထိုအထုပ်ထဲတွင် ရွှေဒင်္ဂါပြား (၁၀၈)ပြားကို တွေ့ရှိရလေသည်။

ထိုအခါ ဆရာတော်ကြီးကလည်း "အေး ဒီလိုဆို ငါလည်း ဘုရားရှေ့ ပုတီးစိတ် လိုက်ဦးမယ်"ဟု ဆိုကာ ဘုရားခန်းသို့ ဝင်သွားတော်မူ၏။ ဆရာတော်ကလည်း ရသေ့ကြီးဦးခန္တီ နည်းတူ (၄၅)မိနစ်ခန့်ကြာသောအခါ ပြန်ထွက်လာပြီး နောက်(၁၅)မိနစ်ခန့်ကြာသောအခါ ဒါယကာတစ်ယောက်သည် လူနှစ်ယောက်ထမ်းလာသော အထုပ်တစ်ထုပ်ကို ဆရာတော်ကြီးအား လှူဒါန်းသွားလေ၏။ ထိုအထုပ်ထဲတွင် သင်္ကန်းအစုံ (၁၀ဂ)စုံကို တွေ့ရှိရလေသည်။

ဆရာတော်ကြီးမှ ရသေ့ကြီးဦးခန္တီအား "ဘာကို ပုတီးစိပ်ပါသလဲ"ဟု မေးသောအခါ ရသေ့ကြီးဦးခန္တီက "အရဟံ ဗဟိ အန္တဇယံ သုဂတံ"ဂါထာကို ပုတီးစိတ်ကြောင်း လျှောက်ထားလေ၏။ ဆရာတော်ကြီးကလည်း "အေး ငါလည်း အဲဒီဂါထာကို စိပ်တယ်"ဟု မိန့်ကြားတော်မူ၏။

ထိုအကြောင်းအရာများကို နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဏိတ - အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဗန်းမော်ဆရာတော်ကြီး ဒေါက်တာကုမာရဘိဝံသ (D.Litt)မှ မိန့်ကြားပါသည်။

ဘဒ္ဒန္တတိလောက (မင်းကင်း)၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်