၁။ အတ္ထ ပဋိသမ္ဘိဒါ၊
၂။ ဓမ္မ ပဋိသမ္ဘိဒါ၊
၃။ နိရုတ္တိ ပဋိသမ္ဘိဒါ၊
၎။ ပဋိဘာန ပဋိသမ္ဘိဒါ
၁။ အတ္ထ ပဋိသမ္ဘိဒါ - အကျိုးတရားအမျိုးမျိုးကို ထိုးဖောက်ပြီးတော့ သိမြင်တဲ့ဉာဏ်။
၂။ ဓမ္မ ပဋိသမ္ဘိဒါ - အကြောင်းတရားအမျိုးမျိုးကို ထိုးဖောက်ပြီးတော့ သိမြင်တဲ့ဉာဏ်။
၃။ နိရုတ္တိ ပဋိသမ္ဘိဒါ - ဘာသာအမျိုးအမျိုး၊ သဒ္ဒါအမျိုးမျိုး၊ ဝေါဟာရပညတ်အမျိုးမျိုးတို့ကို ထိုးဖောက်ပြီးတော့ သိမြင်နိုင်တဲ့ဉာဏ်။ ဒီဉာဏ်ကို ရသွားယင် ကမ္ဘာမှာရှိတဲ့ ဘာသာအားလုံးကို မသင်ရဘဲနဲ့ အကုန်တတ်တယ်။ ဘာသာကိုသာတတ်တာ မဟုတ်ဘူး၊ ဒီဘာသာမှာ သုံးနေတဲ့ သဒ္ဒါနည်းတွေကိုလည်း အကုန်လုံး တတ်တယ်။
၎။ ပဋိဘာန ပဋိသမ္ဘိဒါ - အခွင့်သင့်လာလို့ တရားဟောရမယ့် အချိန်အခါရောက်လာလို့ ဟောပြောတဲ့အခါမှာ သူများတကာ နားလည်နိုင်တဲ့ ပြောနည်း၊ ဆိုနည်း၊ ပြောဟန်၊ ဆိုဟန်တို့ကို အလိုအလျောက် ဉာဏ်မှာ ထင်လာတယ်။ ဥပမာ - ဥပမေယျနဲ့ ပြောမှု၊ ဆိုမှုကို သူ့ဉာဏ်မှာ တစ်ခါတည်း ထင်လာတယ်။ လွယ်လွယ်ကူကူနဲ့ တရားနာပရိသတ် နည်းလည်သွားအောင် ပြောနိုင်မယ့် နည်းနိဿယကို ဉာဏ်မှာ တစ်ခါတည်း အလိုလို ထင်လာတယ်။ အဲဒီဉာဏ်ကို ပဋိဘာန ပဋိသမ္ဘိဒါဉာဏ် လို့ခေါ်တယ်။
Nov 18, 2010
Nov 3, 2010
ကံပြုတဲ့နေရာက စေတနာ
Posted by
Dhamma Pann Khinn
ကံပြုတဲ့နေရာမှာ ဘာအရေးကြီးဆုံးလဲဆိုရင် စေတနာပါ။ ဒါကြောင့် မြတ်စွာဘုရားက "စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ၊ ရဟန်းတို့ စေတနာကို ကံလို့ ငါဘုရား ဟောတယ်"လို့ မိန့်ကြားထားတာပါ။ အဲဒီ စေတနာနဲ့ကံ၊ ကံနဲ့ စေတနာ ဘာထူးသလဲမေးရင် ပြုလုပ်ဆဲ အမှုတွေဟာ စေတနာပါ။ ပြီးပြီးသွားတာက ကံပါ။
ဥပမာ - ဝက်တစ်ကောင်ကို သတ်နေတယ်။ သတ်နေဆဲကာလဟာ စေတနာပါ။ သတ်ပြီးလို့ သေသွားတဲ့အခါ၊ သတ်ခြင်းကိစ္စ ပြီးသွားတဲ့အခါဟာ ကံပါ။ ဒီလိုပါပဲ ... ရဟန်းတစ်ပါးကို ဆွမ်းလောင်းနေဆဲဟာ စေတနာပါ၊ ဆွမ်းလောင်း ပြီးသွားတဲ့ အချိန်ဟာ ကံပါ။ ဒါကို ယောဆရာတော်ဘုရားရဲ့ "ပြုလုပ်ဆဲမှာ စေတနာ၊ ပြီးခါ ကံဟုသိ"ဆိုတဲ့ လင်္ကာလေးနဲ့ ကပ်မှတ်ထားလို့ ရပါတယ်။
ကောင်းမှု ပြုလုပ်ဆဲမှာပဲ ဖြစ်ဖြစ်၊ မကောင်းမှု ပြုလုပ်နေဆဲမှာပဲ ဖြစ်ဖြစ် စေတနာလေးတွေ ဆင့်ကဲဆင့်ကဲ ဖြစ်နေပါတယ်။ အဲဒီ စေတနာလေးတွေက အကြာကြီး တည်မနေပါဘူး။ ဥပါဒ်-ဌီ-ဘင် = ဖြစ် တည် ပျက် ဆိုပြီး ပျက်ပျက်သွားပါတယ်။ စာလို ပြောရင်တော့ ချုပ်ချုပ်သွားတာပါ။ ကောင်းတာ ပြုနေတဲ့အချိန်မှာ ကောင်းတဲ့ စေတနာလေးတွေက ဖြစ် တည် ပျက် ဆိုပြီး ခဏလေး တည်ပြီး ချုပ်ချုပ်သွား၊ အဲဒီလို ချုပ်သွားပေမယ့် ဘာလေးတွေ ကျန်ခဲ့သလဲဆိုတော့ ကမ္မသတ္တိလေးတွေပါ။
စေတနာလေးတွေ ချုပ်ချုပ်သွားလိုက်၊ ကမ္မသတ္တိလေးတွေ ကျန်ခဲ့လိုက်၊ ကြာလာတော့ ကမ္မသတ္တိလေးတွေက များလာပါတယ်။ ကမ္မသတ္တိလေးတွေဟာ ကောင်းတာပြုခဲ့ရင် ကောင်းတဲ့ ကမ္မသတ္တိလေးတွေ၊ မကောင်းတာ ပြုခဲ့ရင် မကောင်းတဲ့ ကမ္မသတ္တိလေးတွေ ကျန်နေခဲ့ပါတယ်။ လူတစ်ယောက်ကို အကျိုးပေးတယ်ဆိုတာလည်း အဲဒီကမ္မသတ္တိလေးတွေက အကျိုးပေးတာပါ။
အဲဒီကမ္မသတ္တိလေးတွေက ချက်ချင်းထ အကျိုးပေးသလားဆိုတော့ ချက်ချင်းတော့ ထ အကျိုးမပေးသေးပါဘူး။ အကြောင်းတိုက်ဆိုင်တဲ့အခါမှသာ ထ အကျိုးပေးတာပါ။
ဒါကို စာမှာ ဘယ်လို ဥပမာပေးထားသလိုဆိုတော့ သရက်သီးမှည့်ကို စားပြီး သွားတဲ့အခါ သရက်စေ့လေး ကျန်ခဲ့ပါတယ်။ အဲဒီ သရက်စေ့မှာ အပင်ပေါက်နိုင်တဲ့ ဗီဇသတ္တိလေး ရှိနေပါတယ်။ အပင်ပေါက်နိုင်တဲ့ ဗီဇသတ္တိလေးရှိနေတဲ့ သရက်စေ့ဟာ မြေကြီးနဲ့လည်း ထိတွေ့ခွင့် ရမယ်၊ မိုးဥတုနဲ့လည်း ထိတွေ့ခွင့်ရမယ်ဆိုရင် သရက်ပင်လေး ထပေါက်လာပါတယ်၊ အဓိကတော့ မြေကြီးရယ်၊ မိုးဥတုရယ်နဲ့ ကြုံကြိုက်ဖို့ပါပဲ။ အဲဒီ အင်္ဂါနှစ်ချက်နဲ့ မညီသေးရင် သရက်စေ့လေးဟာ အပင်ပေါက်နိုင်တဲ့ သတ္တိလေး ရှိနေပေမယ့် မပေါက်နိုင်သေးပါဘူး။
အဲဒီ သရက်သီးမှည့်နဲ့ သရက်စေ့လေးရဲ့ ဥပမာ အတိုင်းပါပဲတဲ့။ သရက်သီးမှည့်ကို စားနေဆဲ စားနေတဲ့ အချိန်ဟာ စေတနာပါတဲ့၊ စားပြီး အပင်ပေါက်နိုင်တဲ့ သရက်စေ့ ကျန်ခဲ့တာဟာ ကမ္မသတ္တိပါတဲ့။
သရက်စေ့ဟာ ချက်ချင်းထပြီး အပင်မပေါက်နိုင်သေးဘဲ မြေကြီး မိုးဥတုနဲ့ ထိတွေ့ခွင့်ရမှ အပင်ပေါက်နိုင်သလို လူတစ်ယောက်ရဲ့ ကမ္မသတ္တိဟာလည်း ချက်ချင်း အကျိုးမပေးနိုင်သေးပါဘူး။
ကောင်းတဲ့ ကမ္မသတ္တိတွေက ယောနိသောမန သိကာရ-ဆိုတဲ့ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတဲ့အခါ၊ ကလျာဏမိတ္တ-ဆိုတဲ့ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ ဆရာကောင်း-စတဲ့ မိတ်ဆွေကောင်းနဲ့ တွေ့ဆုံတဲ့အခါမှ ထအကျိုး ပေးတာပါ။
ဒီလိုပါပဲ ... မကောင်းတဲ့ ကမ္မသတ္တိလေးတွေကလည်း အယောနိသောမနသိကာရ အကုသိုလ်ဖြစ်အောင် နှလုံးသွင်းတဲ့အခါ ပါပမိတ္တ မိတ်ဆွေဆိုး မိတ်ဆွေယုတ်နဲ့ တွေ့ဆုံတဲ့အခါကျမှ ထအကျိုးပေးမှာပါ။
အဲဒီတော့ ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ကမ္မသတ္တိတွေဟာ ချက်ချင်းတော့ ထအကျိုးမပေးသေးပါဘူး။ ခြောက်လကြာမှ အကျိုးပေးချင် ပေးမယ်၊ ဆယ်နှစ်ကြာမှ အကျိုးပေးချင် ပေးမယ်၊ နောက်ဘဝကျမှပဲ အကျိုးပေးချင် ပေးမယ်။ နှစ်ဘဝမြောက်၊ သုံးဘဝမြောက်၊ ဆယ်ဘဝမြောက် ကျမှလည်း အကျိုးပေးချင် ပေးမယ်။ ပေးမှာတော့ ဧကန်မုချပါ။
ကောင်းတဲ့ ကမ္မသတ္တိပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့ ကမ္မသတ္တိပဲ ဖြစ်ဖြစ် ကိုယ့်သန္တာန်မှာ ကမ္မသတ္တိ မြောက်သွားပြီဆိုရင်တော့ ဘဝတစ်ခုမှာ ဧကန်မုချ အကျိုးပေးတော့မှာပါ။ အကျိုးပေး နီးတာနဲ့ ဝေးတာပဲ ကွာမှာပါ။
ကောင်းတာပြုပြီး အကျိုးမပေးသေးလို့ ဘာမှ စိတ်အားလျော့စရာ မလိုသလို၊ မကောင်းတာ ပြုပြီး အကျိုးမပေးသေးဘူး ဆိုပြီး ကံကို အထင်သေးနေလို့လည်း မရပါဘူး။
ကံဆိုတာ ပြုပြီးသွားရင် ကမ္မသတ္တိ မြောက်သွားတာဆိုတော့ ကောင်းတဲ့ ကံအတွက် ပြဿနာ မရှိပေမယ့် မကောင်းတဲ့ ကံအတွက်ကျတော့ မပြုခင် သေချာစဉ်းစားဖို့ လိုပါတယ်။ ဘဝတွေက ကျင်လည်ရဦး မှာပါ။ တစ်ဘဝထဲနဲ့ မပြီးသေးပါဘူး။ တစ်ဘဝထဲနဲ့ ပြီးပြတ်အောင် လုပ်နိုင်ရင်တော့ တစ်မျိုးပေါ့လေ။
ဘာပဲလုပ်လုပ် ကံဆိုတာ လုပ်ပြီးရင် ကမ္မသတ္တိကတော့ မြောက်သွားတာပါပဲ။ မလုပ်ခင် သေချာစဉ်းစားဖို့ပဲ လိုတာပါပဲလေ။
ကျမ်းကိုး -
၁။ ဓမ္မပဒ အဋ္ဌကထာ (ဒု)တွဲ ဥဂ္ဂသေနဝတ္ထု။
၂။ မင်းကွန်းဆရာတော်ကြီး၏ ဓမ္မဒေသနာ ပေါင်းချုပ် အတွဲ (၁)။
အရှင် ရာဇိန္ဒ (ရဝေနွယ်၊ အင်းမ) ၁၉၆၉ ~

Oct 31, 2010
မုနိရှစ်ဆူမော်ကွန်း
Posted by
Dhamma Pann Khinn
၁။ အကနိဋ္ဌဘုံမှာ အလောင်းတော်ရဲ့ ပုဆိုးကို ဌာပနာထားပြီး တည်ထားတဲ့ ဒုဿမုနိ စေတီတော်၊
၂။ တာဝတိံသာမှာ အလောင်းတော်ရဲ့ ဆံတော်ကို ဌာပနာထားပြီး တည်ထားတဲ့ စူဋ္ဌာမုနိစေတီတော်၊
၃။ ကပ္ပိလဝတ်ပြည်မှာ ခမည်းတော် သူဒ္ဓေါဒနမင်း ထုလုပ်ကိုးကွယ်တဲ့ သကျမုနိစေတီတော်၊
၎။ သာဝတ္ထိပြည်မှာ ပေဿနဒီမင်း ထုလုပ်ကိုးကွယ်တဲ့ စိန္တာမုနိ စေတီတော်၊
၅။ ရာဇဂြိုဟ်ပြည်မှာ အဇာတသတ်မင်း ထုလုပ်ကိုးကွယ်တဲ့ ရာဇမုနိ စေတီတော်၊
၆။ ဟိမဝန္တာမှာ မဟေသရနတ်မင်း ထုလုပ်ကိုးကွယ်တဲ့ လောကမုနိစေတီတော်၊
၇။ ဓညဝတီပြည်မှာ စန္ဒသူရိယမင်း သွန်းလုပ်ကိုးကွယ်တဲ့ မဟာမုနိစေတီတော်၊
၈။ အမရပူရပြည်မှာ ဘိုးတော်ဘုရား သွန်းလုပ်ကိုးကွယ်တဲ့ စန္ဒာမုနိ စေတီတော်..ရယ်လို့ ရှစ်ပါးရှိပါတယ်။
ထိုရှစ်ပါးအနက် စန္ဒာမုနိ စေတီတော်မှ တစ်ပါး ကျန်သော မုနိခုနစ်ဆူဟာ ဘုရားရှင်လက်ထက်တော်က ဖြစ်ပါတယ်။ မုနိခုနှစ်ဆူအနက် ဒုဿမုနိစေတီတော်နှင့် စူဋ္ဌာမဏိ စေတီတော်တို့ကတော့ ရုပ်ပွားတော် မဟုတ်ကြပါဘူး။ ကျန်သော ၅-ဆူကတော့ ရုပ်ပွားတော် (ဥဒ္ဒိဿကစေတီတော်)များ ဖြစ်ကြပါတယ်၊
ကျောက်စာဌာနမှ ပညာရှင်တို့၏ ခေတ်သစ်အယူအဆ
သာသနာနှစ် ၅၀၀-လောက်မှာ အိန္ဒိယပြည်ကြီးရဲ့ အနောက်မြောက်နယ်ဖြစ်တဲ့ ကသျှမီရ၊ ဂန္ဓရနယ်ကို ဂရိတို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြတယ်၊ ထိုအခါ ကသျှမီရ၊ ဂန္ဓာရနယ်တစ်ဝန်းမှာလည်း ထေရဝါဒဂိုဏ်း အားနည်းပြီး မဟာယာနဂိုဏ်း အားကောင်းနေတယ်၊ ဝင်ရောက်လာတဲ့ ဂရိများဟာ မဟာယနဂိုဏ်းရဲ့ လွှမ်းမိုးမှုကြောင့် မဟာယနဂိုဏ်း ဗုဒ္ဓဘာသာများ ဖြစ်လာကြပါတယ်၊ မဟာယနသာသနာဟာ တစ်ချို့နေရာများမှ ဟိန္ဒူတို့ရဲ့ အယူဝါဒနှင့် ရောနှောနေတယ်၊ ဟိန္ဒူတို့က ကိုးကွယ်ခံရုပ်တုများ ထုလုပ်ကိုးကွယ်တာကို နမူနာယူပြီး ဂရိဘာသာဝင်တို့ကလည်း ဗုဒ္ဓရုပ်ပွားတော် စတင် ထုလုပ်ကိုးကွယ်ခဲ့ကြတယ်၊ ဂရိတို့ ထုလုပ်တဲ့ ရုပ်ပွားတော်များကို အတုယူပြီး ရုပ်ပွားတော် ထုလုပ်ကိုးကွယ်မှုဟာ ကမ္ဘာမှာ ပျံ့နှံ့လာပါတယ်၊ ရုပ်ပွားတော်များ စတင်ထုလုပ် ကိုးကွယ်တာဟာ မဟာယနဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါတယ်၊ နောင်အခါ ဘုရားရှင်ကို အာရုံပြုရာမှာ ရုပ်ပွားတော်ရှိလျှင် ပိုမိုလွယ်ကူတယ်လို့ ယူဆပြီး ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ကလည်း ရုပ်ပွားတော်ကိုးကွယ်လာကြပါတယ်၊ သည်ပညာရှင်များရဲ့ အလိုအရ ဗုဒ္ဓရုပ်ပွားတော်များဟာ သာသနာသက္ကရာဇ် ၅၀၀-ကျော် AD 1 Century လောက်ကမှ စတင်ဖြစ်ပေါ်လာပါတယ်၊ AD 1 Century ရဲ့ အထက်ကတော့ ရုပ်ပွားတော် ကိုးကွယ်မှု မရှိသေးဘူးလို့ ယူဆကြပါတယ်။

အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (တည်တောဆရာတော်၊ ထီးချိုင့်မြို့)
Oct 30, 2010
စားဖို့လုပ်ခြင်းထက်...
Posted by
Dhamma Pann Khinn
စားရဖို့ ရည်ရွယ်ချက်ဖြင့် အလုပ်လုပ်သူများသည် ရည်ရွယ်ချက် သေးနုပ်သည့်အတွက် အားလျော်စွာ သူတို့၏ လုပ်အားခသည် စားသောက်ရန်အတွက်လောက်သာ ရတတ်သည်။
အကျိုးပြု လုပ်ငန်းများ လုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် စားသောက်သူများသည် သူတို့၏ ရည်ရွယ်ချက် မွန်မြတ်သည့် အားလျော်စွာ စားသောက်ဖို့ထက် ပိုမိုပြီး အကျိုးပြုလုပ်ငန်းများ လုပ်နိုင်အောင် အကျိုးရတတ်သည်။
ဘဒ္ဒန္တတိလောကာဘိဝံသ (ရွာမအင်းစိန်)

သတ္တိနှင့် ဗျတ္တိ
Posted by
Dhamma Pann Khinn
ထန်းတက်သမား၏ ထန်းပင်ကို တက်နိုင်သော အစွမ်းသည် သတ္တိ၊
ထိုယောက်ျား၏ အားအင်ကို ထုတ်၍ ထန်းပင်ကို တက်လိုက်ခြင်းသည်၊ ဗျတ္တိ ဖြစ်သည်။
ရေငုပ်တတ်သူ၏ ရေအောက်၌ ငုပ်နိုင်သော အစွမ်းသည် သတ္တိ၊
ထိုယောက်ျား၏ ကျင်လည်စွာသော ရေငုပ်ပြခြင်းသည် ဗျတ္တိ ဖြစ်သည်။

တောင်တန်းဆရာတော် ဦးဥတ္တမသာရ
ကြာလိုလူဖြစ်ချင်လျှင်..
Posted by
Dhamma Pann Khinn
၁။ သဒ္ဓါ၊ သီလ-စသည့် အင်္ဂါငါးပါးနှင့် ပြည့်စုံလျှင် ကြာလိုလူ၊
၂။ အသိဉာဏ်ရှိသူသည် ကြာလိုလူ၊
၃။ ကမ္မဿကတ သမ္မာဒိဋ္ဌိဉာဏ်ရှိသူသည် ကြာလိုလူ၊
၎။ လောကဓံကို ကြံ့ကြံ့ခံနိုင်ရည်ရှိသူသည် ကြာလိုလူ၊
၅။ ဝိပဿနာဉာဏ် ရင့်သန်ထက်မြက်သူသည် ကြာလိုလူ၊
၆။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြင့် နိဗ္ဗာန်ကို အာရုံပြုနိုင်သူသည် ကြာလိုလူ။
အရှင်ဆန္ဒာဓိက၊ အပ္ပမာဒ ၅/၁။

Oct 29, 2010
တောင်းသောဆု ရနိုင်..
Posted by
Dhamma Pann Khinn
မိဘတို့ကို မွေးတုံ့၊ မွေးလှည့်ပြုသော သားသမီးတို့သည် အမြတ်ဆုံး အနုဂါမိက ရွှေအိုးကို မြှပ်ထားရသည် မည်၏။ ထိုရွှေအိုးကို ရန်သူမျိုးငါးပါးတို့သည် ထုတ်ဖော်ဖျက်ဆီးခြင်းငှာ မတတ်နိုင်ကုန်၊ အရိပ်ကဲ့သို့ အစဉ်တစိုက်လိုက်၍ လောကီ ကောင်းကျိုး၊ လောကုတ္တရာ ကောင်းကျိုးကို ပေးနိုင်၏။ "အကြင် အကြင်ဆုကို တောင့်တ၏။ ထိုထို ဆုအလုံးစုံကို ရ၏" ဟူ၍ နိဓိကဏ္ဏသုတ်၌ ဘုရားရှင်၏ အမိန့်တော်မြတ် ရှိသည်။ ထို့ကြောင့် သုတ္တနိပါတ်တွင် "မာတာပိတုဥပဋ္ဌာနံ" ဟူ၍ မိဘတို့ကို လုပ်ကျွေးခြင်းသည် "စည်းစိမ်ချမ်းသာ ကြီးပွားကြောင်း မင်္ဂလာ" ဟူ၍ ဘုရားရှင် မိန့်ကြားတော်မူခြင်း ဖြစ်သည်။
အုတ်ဖိုဆရာတော်ကြီး ဘဒ္ဒန္တဥက္ကံသမာလာ
အဘိဓဇ မဟာရဋ္ဌဂုရု လက္ခဏာ
Posted by
Dhamma Pann Khinn
၁။ အဂ္ဂမဟာ ပဏ္ဏိတဘွဲ့ တံဆိပ်တော်ကို ရရှိပြီးခြင်း။
၂။ အနည်းဆုံး သိက္ခာဝါ ၄၀ ရရှိခြင်း။
၃။ ဗဟုသုတ၊ အကြားအမြင်များခြင်း။
၎။ လူရှင်တို့အား ကျေးဇူးများသော ဗုဒ္ဓဘာသာ စာပေကျမ်းဂန် ရေးသားခြင်း။

အဂ္ဂမဟာ ပဏ္ဏိတဘွဲ့ လက္ခဏာ
Posted by
Dhamma Pann Khinn
၁။ ပါဋ္ဌိတော်၊ အဋ္ဌကထာ၊ ဋီကာ - စသည်တို့၌ ကျွမ်းကျင် လိမ္မာခြင်း။
၂။ ပါဋ္ဌိတော်၊ အဋ္ဌကထာ၊ ဋီကာ - စသည်တို့၌ အမြဲမပြတ် ပို့ချနေခြင်း။
၃။ အနည်းဆုံး သိက္ခာဝါ ၂၀ ရရှိခြင်း။
၎။ ပါဋ္ဌိတော်၊ အဋ္ဌကထာ၊ ဋီကာ - စသည်တို့၌ ကျွမ်းကျင် လိမ္မာသည်-ဟု ကျော်ကြားခြင်း။

Oct 27, 2010
ပုညကိရိယာဝတ္ထု (၁၀)ပါး
Posted by
Dhamma PannKhinn
မမေ့မလျော့ရှိပြီး ပွားများရမည့် ကုသိုလ်တရားလည်း (၁၀)ပါး ရှိလေ၏။ ထိုကုသိုလ်တရား (၁၀)ပါးကို စာရိတ္တအကျင့်တရား-ဟုလည်း ခေါ်လေသည်။ ပုညကိရိယာဝတ္ထု-ဟုလည်း ခေါ်၏။ ထို(၁၀)ပါးကား -
(၁) ဒါန - စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း၊
(၂) သီလ - (၅)ပါး၊ (၈)ပါး အစရှိသည့် ရှောင်ကြဉ်မှုများကို စောင့်ထိန်းခြင်း၊
(၃) ဘာဝနာ - သမထ၊ ဝိပဿနာ ကမ္မဋ္ဌာန်းများ အားထုတ်ခြင်း၊
(၄) အပစာယန - ရိုသေ လေးစားထိုက်သူများအား ရိုသေ လေးစားခြင်း၊
(၅) ဝေယျာဝစ္စ - သူတစ်ပါးတို့၏ ကုသိုလ်ကိစ္စများ၌ ဝိုင်းဝန်းကူညီခြင်း၊
(၆) ပတ္ထိဒါန - မိမိ ကုသိုလ် ကောင်းမှုအဖို့ကို အမျှပေးဝေခြင်း၊
(၇) ပတ္တာနုမောဒနာ - သူတစ်ပါး ပြုသော ကောင်းမှု ကုသိုလ်အဖို့ကို ဝမ်းမြောက်သာဓုခေါ်ခြင်း၊
(၈) ဓမ္မသဝန - တရားနာခြင်း၊ တရားစာပေဖတ်ခြင်း၊ တရားစာပေ လေ့လာသင်ယူခြင်း၊
(၉) ဓမ္မဒေသနာ - တရားဟောခြင်း၊ တရားစာပေပို့ချခြင်း၊ တရားစာပေ ကျမ်းဂန်များ ရေးသားခြင်း၊
(၁၀) ဒိဋ္ဌိစုကမ္မ - ကံ၊ ကံ၏ အကျိုးမှစ၍ မဂ်ဖိုလ်နိဗ္ဗာန်တိုင်အောင် ယုံကြည်ချက် ရှိစွာဖြင့် ကောင်းသော အယူကို ဖြူစင် ဖြောင့်မှန်အောင် ပြုလုပ်ခြင်း။

သာသနာခေတ်များ
Posted by
Dhamma Pann Khinn
မြတ်စွာဘုရားရှင် ထားတော်မူခဲ့သော သာသနာနှစ် ငါးထောင်သည် -
၁။ ဝိမုတ္တိယုဂ ခေတ်၊
၂။ သမာဓိယုဂ ခေတ်၊
၃။ သီလယုဂ ခေတ်၊
၎။ သုတယုဂ ခေတ်၊
၅။ ဒါနယုဂ ခေတ် - ဟူ၍ ခေတ် ၅-ခေတ် အစဉ်အတိုင်း ပြောင်းလဲလာသည်။

စွယ်တော် လေးဆူ
Posted by
Dhamma Pann Khinn
ဗုဒ္ဓရဲ့ စွယ်တော်မြတ်လေးဆူတို့သည် သုတ်မဟာဝါပါဋ္ဌိတော် ပရိနိဗ္ဗာနသုတ် အဆုံးမှာ -
"ဧကာ ဟိ ဒါဌာ တိဒိဝေဟိ ပူဇိတာ၊ ဧကာ ပန ဂန္ဓာရပုရေ မဟီယတိ။
ကလိင်္ဂရညော ဝိဇိတေ ပုနေကံ၊ ဧကံ ပန နာဂရာဇာ မဟေတိ" လို့ ဆိုတဲ့အတိုင်း
၁။ တာဝတိံသာ စူဋ္ဌာမဏိ စေတီထဲ၌ တစ်ဆူ၊
၂။ နဂိုက ဂန္ဓာရတိုင်းခေါ် အခု အာဖဂန်နစ္စတန် တောင်ပိုင်း၌ တစ်ဆူ၊
(အဲဒါကို တချို့က တရုပ်ဘုန်းကြီးတွေ ယူသွား၏ - ဟု ဆို၏။)
၃။ နဂိုက မြန်မာပြည် အနောက်ဘက် ကလိင်္ဂတိုင်း-ဆိုတာ ရှိတယ်။ အဲဒီတိုင်းပြည်ပျက်တဲ့အခါ ဟေမမာလာမင်းသမီးနှင့် မင်းသားတို့သည် ထီးနန်းစည်းစိမ်ကို စွန့်ပြီး စွယ်တော်ကို ယူကာ မြန်မာပြည်ထဲ ဝင်လာပြီး သီဟိုဠ်ဘက်ကို သွားကာ ရှေးက သီဟိုဠ် ယနေ့ သီရိလင်္ကာနိုင်ငံ ကန္နီမြို့ စွယ်တော်တိုက်ထဲတွင် ပူဇော်ထား၏။
၎။ ဘောဂဝတီ နဂါးပြည် ဘုရားထဲတွင် စွယ်တော်တစ်ဆူ - ကို ပူဇော်ထား၏။

အာနာပါန အကျိုး ၅-မျိုး
Posted by
Dhamma Pann Khinn
၁။ အာနာပါန ကမ္မဋ္ဌာန်းကို စီးဖြန်းခဲ့ပါမူ ယခုခေတ်၊ ယခုကာလ၊ ယခုဘဝ၌ပင်လျှင် ရဟန္တာအဖြစ်သို့ ရောက်နိုင်၏။
၂။ အကယ်၍ အသက်ရှိစဉ် ရဟန္တာအဖြစ်သို့ မရောက်သေးပါမူ သေခါနီးကာလ၌ သမသီသိ ရဟန္တာအဖြစ်သို့ ရောက်နိုင်သေး၏။
၃။ အကယ်၍ သမသီသိ ရဟန္တာ မဖြစ်နိုင်သေးပါမူ နတ်ပြည်သို့ ရောက်သောအခါ ဓမ္မကထိကနတ်သား တရားသံကို ကြားရ၍ ရဟန္တာအဖြစ်သို့ ရောက်ရှိနိုင်၏။
၎။ အကယ်၍ နတ်ပြည်၌ ရဟန္တာ မဖြစ်သေးပါမူ အရိမေတ္တယျဘုရား မပွင့်မီ ပစ္စေကဗုဒ္ဓါ အဖြစ်သို့ ရောက်နိုင်သေး၏။
၅။ အကယ်၍ ပစ္စေကဗုဒ္ဓါ မဖြစ်သေးပါမူ ပွင့်တော်မူလတ္တံ့ ကုန်သော အရိမေတ္တယျ အစရှိကုန်သော ဘုရားသခင်ကိုယ်တော်မြတ် ခြေတော်ရင်း၌ ဒါရုစိရိယမထေရ်ကဲ့သို့ ခိပ္ပါဘိညရဟန္တာ ဖြစ်ရတော့သည်။
ရှင်းချက်။ ။ အာနာပါန ကမ္မဋ္ဌာန်းကို ရှုမှန်လျှင် ဒီဘဝတွင် ရဟန္တာ ဖြစ်နိုင်သည်၊ အကယ်၍ ဒီဘဝ ရဟန္တာ မဖြစ်သေးပါမူ ဂေါမိကမထေရ်ကဲ့သို့ သမသီသိရဟန္တာ ဖြစ်ရသည်၊ ဘယ်လိုရဟန္တာ ဖြစ်သလဲဆိုတော့ ..
ဂေါမိက-ဆိုတဲ့ ရဟန်းတစ်ပါးဟာ ဈာန်ကိုရသတဲ့။ ၄င်း ဂေါဓိကမှာ သူရသော ဈာန်ဟာ ခုနှစ်ကြိမ်တိုင်တိုင် လျှောလျှောကျ၍ ခဏခဏ ဈာန်ကို ပြန်ပြီးရအောင် အားထုတ်ရလေသည်။
တစ်နေ့သာအခါ ဂေါဓိကမထေရ်စိတ်၌ ဖြစ်ပေါ်လာသည်မှာ "ဈာန်လျောပြီး သေရပါမူ ဂတိမမြဲ၊ ငရဲသို့ပင် သွားမည် စိုးရိမ်လှ၍ ၄င်းဈာန်ရဆဲမှာပင် ငါ့သေတော့အံ့"ဟု အကြံအစီဖြစ်ကာ ဈာန်တန်းလန်းနှင့် မိမိလည်မျိုကို ထက်လှစွာသော သားလှီးဓားဖြင့် လှီးဖြစ်၍ သတ်ကာသေလေသည်၊ အမြဲတရား လက်ကိုင်ရှိပြီး ဖြစ်လေသောကြောင့် ရဟန္တာလည်းဖြစ်၊ သေလည်းသေ နှစ်ချက် တစ်ပြိုင်နက်တူညီကာ သမသီသိရဟန္တာ ဖြစ်ကာ ပရိနိဗ္ဗာန် ပြုရရှာသည်။

မဟာရာဟုလောဝါဒသုတ်(အကျဉ်း)

သာဝတ္ထိဆန်း
Posted by
Dhamma Pann Khinn
အဘိဓာနပ္ပဒီပိကာပါဌ် (၄၁၇)မှာ ---
ဂါယတ္တီပ္ပမုခံ- ဂါယတ္တီဆန်း အစရှိသည်သည်၊ ဆန္ဒံ - ဆန်းမည်၏ ၊ တု - အထူးကို ဆိုဦးအံ့၊ စတုဝီသက္ခရံ - အက္ခရာ ၂၄လုံး ရှိသော၊ ဒေဝါနံ - ပိဋကတ်သုံးပုံတည်းဟူသော ပရမတ္ထဗေဒင်တို့၏၊ အာဒိဘူတံ - အစဖြစ်၍ ဖြစ်သော၊ တိပဒံ - သုံးပဒရှိသော၊ ယံ - အကြင်ဆန်းသည်၊ အတ္ထိ - ရှိ၏ ၊ သာ - ထိုဆန်းသည်၊ သာဝိတ္ထီ - သာဝတ္ထီဆန်း မည်သည်၊ သိယာ-ဖြစ်၏ ။
သည်ဂါထာရဲ့ အဓိပ္ပာယ်က မြန်မာများကဗျာဖွဲ့သလို ပါဋ္ဌိကဗျာ ဂါထာဖွဲ့ဆိုတဲ့ကျမ်းကို ဆန်းကျမ်း-လို့ခေါ်ပါတယ်၊ ဆန်းကျမ်းဟာ လောကီကျမ်းသက်သက်ပဲ၊ လောကုတ္တရာကျမ်း မဟုတ်ပါဘူး။ အဲသည် ဆန်းကျမ်းရဲ့ အစဟာ ဂါယတ္ထီဆန်းတဲ့၊ ဂါယတ္ထီ-ဆိုတဲ့စကားနှင့် ဂါထာ-ဆိုတဲ့စကားဟာ အဓိပ္ပာယ်ချင်း တူပါတယ်၊ ရွတ်ဆိုတဲ့အတွက် ဂါယတ္ထီ (သို့) ဂါထာလို့ ခေါ်တာတဲ့၊ မြန်မာသီချင်းဆိုတာနှင့် တူပါတယ်၊ အဲသည်ရွတ်ဆိုတဲ့ သီချင်းဂါထာဟာ တစ်လုံးဘွဲ့က စပြီး ရှိတယ်၊ အစဉ်အတိုင်း ပြောရမယ်ဆိုလျှင် -
၁ - လုံးဖွဲ့ ဥတ္တဆန်း - ကံ၊ မေ၊ သံ၊ ဘူ။
၂ - လုံးဖွဲ့ အစ္စုတဆန်း - ကောတေ၊ သတ္ထာ၊ ဗုဒ္ဓေါ၊ ဓမ္မော။
၃ - လုံးဖွဲ့ မဇ္ဈာဆန်း - တိဏ္ဏောဟံ၊ တာရေဿံ၊ ဝေနေယျံ၊ ဒုဿန္နံ။
၎ - လုံးဖွဲ့ ပတိဋ္ဌာဆန်း - ယောဟံ ဗုဒ္ဓ၊ ပူဇေဿံ သေ၊ ဓမ္မံ သံဃံ၊ နိေဿ သဋ္ဌံ။
၅ - လုံးဖွဲ့ သုပ္ပတိဋ္ဌာဆန်း - သုဇုတိဓရံ၊ တိတသုခဒံ၊ ဝရဂုဏဇံ၊ ဇိနဘိနမေ။
သည် ၅-လုံးဖွဲ့အထိ ဂါထာများဟာ ဆန်းတော့ ဆန်းဂါထာများပဲ၊ သို့သော်လည်း ရွတ်ဆိုရာမှာ အရာမရောက်လို့ ဂါယတ္ထီဆန်းတွင်းကို မထည့်သွင်းဘူး၊ တစ်ပဒလျှင် အက္ခရာ ၆-လုံး၊ ၄-ပဒ အက္ခရာ ၂၄လုံးရှိမှ ဂါယတ္ထီဆန်းအတွင်း ပါဝင်တယ်၊ ဒါကြောင့် ဂါယတ္ထီ ၆-လုံး ဖွဲ့ဆန်းကို ဆန်းကျမ်း (ဝါ) ဂါထာတို့ရဲ့ အစလို့ ဆိုတယ်၊ ၆-လုံးဖွဲ့ ဂါယတ္ထီဆန်းက တက်ခဲ့လျှင် -
၇ - လုံးဖွဲ့ ဥဏှီဆန်း - ကုမာရလလိတာဂါထာ၊
၈ - လုံးဖွဲ့ အနုဋ္ဌုဘဆန်း - ဓိတြပဒဂါထာ စသည်၊
၉ - လုံးဖွဲ့ ဗြဟတီဆန်း - ဟလမုခီဂါထာ စသည်၊
၁၀ - လုံးဖွဲ့ ပန္တီဆန်း - သုဒ္ဓဝိရာဇိတဂါထာ စသည်၊
၁၁ - လုံးဖွဲ့ တုဋ္ဌဘဆန်း - ဣန္ဒဝဇိရာဂါထာ စသည်၊
၁၂ - လုံးဖွဲ့ ဇဂတိဆန်း - ဝိသဋ္ဌဂါထာ စသည်၊
၁၃ - လုံးဖွဲ့ အတိဇဂတိဆန်း - မဟာသိနီဂါထာ စသည်၊
၁၄ - လုံးဖွဲ့ သက္ကရိဆန်း - အပရာဇိတဂါထာ စသည်၊
၁၅ - လုံးဖွဲ့ အတိသက္ကရိကဆန်း - အသိကလာဂါထာ စသည်၊
၁၆ - လုံးဖွဲ့ အဋ္ဌိဆန်း - ဝါနိနီဂါထာ စသည်၊
၁၇ - လုံးဖွဲ့ အတိအဋ္ဌိဆန်း - သိခရဏီဂါထာ စသည်၊
၁၈ - လုံးဖွဲ့ ဓုတိဆန်း - ကုသုမိတ လတာ ဝေလ္လိတဂါထာ စသည်၊
၁၉ - လုံးဖွဲ့ အတိဓုတိဆန်း - မေဃဝိဗ္ဖုဇ္ဇိတဂါထာ စသည်၊
၂၀ - လုံးဖွဲ့ ကတိဆန်း - ဝုတ္တဂါထာ၊
၂၁ - လုံးဖွဲ့ ပကတိဆန်း - သဒ္ဒရာဂါထာ၊
၂၂ - လုံးဖွဲ့ အာဂတိဆန်း - ဘဒ္ဒကဂါထာ၊
၂၃ - လုံးဖွဲ့ ဝိဂတိဆန်း - လလိတာဂါထာ၊
၂၄ - လုံးဖွဲ့ သံကတိဆန်း - တနုဂါထာ၊
၂၅ - လုံးဖွဲ့ အဘိက္ကတိဆန်း - ကောဉ္ဇပဒဂါထာ၊
၂၆ - လုံးဖွဲ့ ဥက္ကတိဆန်း - ဘုဇင်္ဂဝိဇမ္ဘိတဂါထာ။
သည်ဂါထာတွေဟာ ဝုတ္တောဒယဆန်းကလာတဲ့ ဂါထာတွေပဲ ဖြစ်ပါတယ်၊ ဝုတ္တောဒယ-ဆိုတဲ့ လောကီကျမ်းကလာတာ မဟုတ်ပါဘဲ သာသနာတော်အတွင်း ချဉ်းနင်းဝင်ရောက်ရာ အဦးအစဖြစ်တဲ့ လောကုတ္တရာဂါထာ-ဆိုတာလည်း ရှိပါသေးတယ်။
လောကီဆန်းကျမ်းက တစ်ပဒလျှင် အက္ခရာတစ်လုံးကစပြီး လေးပဒစီ ဖွဲ့ရတယ်၊ လောကုတ္တရာဂါထာတော်ကတော့ တစ်ပဒလျှင် အက္ခရာ ၈-လုံး၊ သုံးပဒစီဖွဲ့တဲအတွက် အက္ခရာပေါင်း ၂၄-လုံး ရှိပါတယ်၊ အဲသည်အက္ခရာ ၂၄-လုံးရှိ၍ သာသနာတော်အတွင်း ဝင်ရောက်ရာ အဦးအစဖြစ်တဲ့ ဆန်းဂါထာကိုတော့ သာဝတ္ထီဆန်း သာဝိတ္ထီဂါထာ-လို့ ခေါ်ပါတယ်၊ အဲသည် သာဝိတ္ထီဂါထာဟာ ဘယ်ဟာလဲဆိုတော့ "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ" ဆိုတဲ့ သရဏဂုံ သုံးပါး ဂါထာဖြစ်ပါတယ်။ သည် သာဝတ္ထိဂါထာဟာ သာသနာတော်အတွင်း ဝင်ရောက်ရာ အစအဦးဂါထာဖြစ်ကြောင်း သုတ္တနိပါတ် ပါဋ္ဌိ ၃၆၃ နှင့် မဇ္ဈိမပဏ္ဏာသပါဋ္ဌိ ၃၄၇ မှာ ဘုရားရှင် ဟောတော်မူထားပါတယ်။
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (တည်တောဆရာတော်၊ ထီးချိုင့်မြို့)
ဂါယတ္ထိပ္ပမုခံ ဆန္ဒံ၊ စတုဗ္ဗီသက္ခရံ တု ယံ။
ဝေဒါနမာဒိဘုတံ သာ၊ သာဝိတ္ထီ တိပဒံ သိယာ - လို့ ပြထားပါတယ်။ အနက်ကတော့ -ဂါယတ္တီပ္ပမုခံ- ဂါယတ္တီဆန်း အစရှိသည်သည်၊ ဆန္ဒံ - ဆန်းမည်၏ ၊ တု - အထူးကို ဆိုဦးအံ့၊ စတုဝီသက္ခရံ - အက္ခရာ ၂၄လုံး ရှိသော၊ ဒေဝါနံ - ပိဋကတ်သုံးပုံတည်းဟူသော ပရမတ္ထဗေဒင်တို့၏၊ အာဒိဘူတံ - အစဖြစ်၍ ဖြစ်သော၊ တိပဒံ - သုံးပဒရှိသော၊ ယံ - အကြင်ဆန်းသည်၊ အတ္ထိ - ရှိ၏ ၊ သာ - ထိုဆန်းသည်၊ သာဝိတ္ထီ - သာဝတ္ထီဆန်း မည်သည်၊ သိယာ-ဖြစ်၏ ။
သည်ဂါထာရဲ့ အဓိပ္ပာယ်က မြန်မာများကဗျာဖွဲ့သလို ပါဋ္ဌိကဗျာ ဂါထာဖွဲ့ဆိုတဲ့ကျမ်းကို ဆန်းကျမ်း-လို့ခေါ်ပါတယ်၊ ဆန်းကျမ်းဟာ လောကီကျမ်းသက်သက်ပဲ၊ လောကုတ္တရာကျမ်း မဟုတ်ပါဘူး။ အဲသည် ဆန်းကျမ်းရဲ့ အစဟာ ဂါယတ္ထီဆန်းတဲ့၊ ဂါယတ္ထီ-ဆိုတဲ့စကားနှင့် ဂါထာ-ဆိုတဲ့စကားဟာ အဓိပ္ပာယ်ချင်း တူပါတယ်၊ ရွတ်ဆိုတဲ့အတွက် ဂါယတ္ထီ (သို့) ဂါထာလို့ ခေါ်တာတဲ့၊ မြန်မာသီချင်းဆိုတာနှင့် တူပါတယ်၊ အဲသည်ရွတ်ဆိုတဲ့ သီချင်းဂါထာဟာ တစ်လုံးဘွဲ့က စပြီး ရှိတယ်၊ အစဉ်အတိုင်း ပြောရမယ်ဆိုလျှင် -
၁ - လုံးဖွဲ့ ဥတ္တဆန်း - ကံ၊ မေ၊ သံ၊ ဘူ။
၂ - လုံးဖွဲ့ အစ္စုတဆန်း - ကောတေ၊ သတ္ထာ၊ ဗုဒ္ဓေါ၊ ဓမ္မော။
၃ - လုံးဖွဲ့ မဇ္ဈာဆန်း - တိဏ္ဏောဟံ၊ တာရေဿံ၊ ဝေနေယျံ၊ ဒုဿန္နံ။
၎ - လုံးဖွဲ့ ပတိဋ္ဌာဆန်း - ယောဟံ ဗုဒ္ဓ၊ ပူဇေဿံ သေ၊ ဓမ္မံ သံဃံ၊ နိေဿ သဋ္ဌံ။
၅ - လုံးဖွဲ့ သုပ္ပတိဋ္ဌာဆန်း - သုဇုတိဓရံ၊ တိတသုခဒံ၊ ဝရဂုဏဇံ၊ ဇိနဘိနမေ။
သည် ၅-လုံးဖွဲ့အထိ ဂါထာများဟာ ဆန်းတော့ ဆန်းဂါထာများပဲ၊ သို့သော်လည်း ရွတ်ဆိုရာမှာ အရာမရောက်လို့ ဂါယတ္ထီဆန်းတွင်းကို မထည့်သွင်းဘူး၊ တစ်ပဒလျှင် အက္ခရာ ၆-လုံး၊ ၄-ပဒ အက္ခရာ ၂၄လုံးရှိမှ ဂါယတ္ထီဆန်းအတွင်း ပါဝင်တယ်၊ ဒါကြောင့် ဂါယတ္ထီ ၆-လုံး ဖွဲ့ဆန်းကို ဆန်းကျမ်း (ဝါ) ဂါထာတို့ရဲ့ အစလို့ ဆိုတယ်၊ ၆-လုံးဖွဲ့ ဂါယတ္ထီဆန်းက တက်ခဲ့လျှင် -
၇ - လုံးဖွဲ့ ဥဏှီဆန်း - ကုမာရလလိတာဂါထာ၊
၈ - လုံးဖွဲ့ အနုဋ္ဌုဘဆန်း - ဓိတြပဒဂါထာ စသည်၊
၉ - လုံးဖွဲ့ ဗြဟတီဆန်း - ဟလမုခီဂါထာ စသည်၊
၁၀ - လုံးဖွဲ့ ပန္တီဆန်း - သုဒ္ဓဝိရာဇိတဂါထာ စသည်၊
၁၁ - လုံးဖွဲ့ တုဋ္ဌဘဆန်း - ဣန္ဒဝဇိရာဂါထာ စသည်၊
၁၂ - လုံးဖွဲ့ ဇဂတိဆန်း - ဝိသဋ္ဌဂါထာ စသည်၊
၁၃ - လုံးဖွဲ့ အတိဇဂတိဆန်း - မဟာသိနီဂါထာ စသည်၊
၁၄ - လုံးဖွဲ့ သက္ကရိဆန်း - အပရာဇိတဂါထာ စသည်၊
၁၅ - လုံးဖွဲ့ အတိသက္ကရိကဆန်း - အသိကလာဂါထာ စသည်၊
၁၆ - လုံးဖွဲ့ အဋ္ဌိဆန်း - ဝါနိနီဂါထာ စသည်၊
၁၇ - လုံးဖွဲ့ အတိအဋ္ဌိဆန်း - သိခရဏီဂါထာ စသည်၊
၁၈ - လုံးဖွဲ့ ဓုတိဆန်း - ကုသုမိတ လတာ ဝေလ္လိတဂါထာ စသည်၊
၁၉ - လုံးဖွဲ့ အတိဓုတိဆန်း - မေဃဝိဗ္ဖုဇ္ဇိတဂါထာ စသည်၊
၂၀ - လုံးဖွဲ့ ကတိဆန်း - ဝုတ္တဂါထာ၊
၂၁ - လုံးဖွဲ့ ပကတိဆန်း - သဒ္ဒရာဂါထာ၊
၂၂ - လုံးဖွဲ့ အာဂတိဆန်း - ဘဒ္ဒကဂါထာ၊
၂၃ - လုံးဖွဲ့ ဝိဂတိဆန်း - လလိတာဂါထာ၊
၂၄ - လုံးဖွဲ့ သံကတိဆန်း - တနုဂါထာ၊
၂၅ - လုံးဖွဲ့ အဘိက္ကတိဆန်း - ကောဉ္ဇပဒဂါထာ၊
၂၆ - လုံးဖွဲ့ ဥက္ကတိဆန်း - ဘုဇင်္ဂဝိဇမ္ဘိတဂါထာ။
သည်ဂါထာတွေဟာ ဝုတ္တောဒယဆန်းကလာတဲ့ ဂါထာတွေပဲ ဖြစ်ပါတယ်၊ ဝုတ္တောဒယ-ဆိုတဲ့ လောကီကျမ်းကလာတာ မဟုတ်ပါဘဲ သာသနာတော်အတွင်း ချဉ်းနင်းဝင်ရောက်ရာ အဦးအစဖြစ်တဲ့ လောကုတ္တရာဂါထာ-ဆိုတာလည်း ရှိပါသေးတယ်။
လောကီဆန်းကျမ်းက တစ်ပဒလျှင် အက္ခရာတစ်လုံးကစပြီး လေးပဒစီ ဖွဲ့ရတယ်၊ လောကုတ္တရာဂါထာတော်ကတော့ တစ်ပဒလျှင် အက္ခရာ ၈-လုံး၊ သုံးပဒစီဖွဲ့တဲအတွက် အက္ခရာပေါင်း ၂၄-လုံး ရှိပါတယ်၊ အဲသည်အက္ခရာ ၂၄-လုံးရှိ၍ သာသနာတော်အတွင်း ဝင်ရောက်ရာ အဦးအစဖြစ်တဲ့ ဆန်းဂါထာကိုတော့ သာဝတ္ထီဆန်း သာဝိတ္ထီဂါထာ-လို့ ခေါ်ပါတယ်၊ အဲသည် သာဝိတ္ထီဂါထာဟာ ဘယ်ဟာလဲဆိုတော့ "ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ" ဆိုတဲ့ သရဏဂုံ သုံးပါး ဂါထာဖြစ်ပါတယ်။ သည် သာဝတ္ထိဂါထာဟာ သာသနာတော်အတွင်း ဝင်ရောက်ရာ အစအဦးဂါထာဖြစ်ကြောင်း သုတ္တနိပါတ် ပါဋ္ဌိ ၃၆၃ နှင့် မဇ္ဈိမပဏ္ဏာသပါဋ္ဌိ ၃၄၇ မှာ ဘုရားရှင် ဟောတော်မူထားပါတယ်။
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (တည်တောဆရာတော်၊ ထီးချိုင့်မြို့)
Oct 25, 2010
မော်ကွန်းတင်ထိုက်သော သြဝါဒ
Posted by
Dhamma Pann Khinn
ယနေ့ မြန်မာနိုင်ငံနယ်ပယ်၌ သုဓမ္မာ၊ ရွှေကျင်၊ ဒွါရ စသည်ဖြင့် ဂိုဏ်းကွဲပြားသည်ဟု ဆိုရသည်မှာကား အမှန်စင်စစ် ကွဲပြားသည်ဟုပင် ပြောသင့်သည်မဟုတ်ပါ။ ပြောဆိုရမည် မဟုတ်ပါ။ မြန်မာပြည်၌ ဗုဒ္ဓသာသနာတော်နှင့်စပ်၍ ဝါဒကွဲပြားသောဂိုဏ်းဟူ၍ မရှိဟု ရဲရဲပြောနိုင်ပါသည်။
သုဓမ္မာသံဃာ၌လည်း ဤဝိနည်း၊ ဒွါရ သံဃာ-စသည်တို့၌လည်း ဤဝိနည်း၊ ရွှေကျင်သံဃာ၌လည်း ဤဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာများလည်း မကွဲမပြား အတူတူပင် ဖြစ်ကြပါသည်။ အကွဲအပြား မရှိကြပါ၊ သို့ဖြစ်၍ ပြောလိုသည်မှာ ဆရာသမားတို့၏ အမည်နာမ ပညတ်ကို အစွဲပြု၍ သုဓမ္မာဂိုဏ်း၊ ရွှေကျင်ဂိုဏ်း၊ ဒွါရဂိုဏ်း-ဟု ဆိုကြသော်လည်း အမှန်စင်စစ် ကွဲပြားကြသည် မဟုတ်ကြောင်းကို ပြောလိုပါသည်။

အဘိဓဇမဟာရဋ္ဌဂုရု၊ ရွှေကျင်သာသနာပိုင်၊ အရှင်ပဏ္ဏိတထေရ် ရွှေဟင်္သာဆရာတော်
အဘိဓမ္မာ ဟောချိန်
Posted by
Dhamma Pann Khinn
၁။ ဓမ္မသင်္ဂဏီကျမ်း - ၁၂ ရက်
၂။ ဝိဘင်းကျမ်း - ၁၂ ရက်
၃။ ဓာတုကထာကျမ်း - ၆ ရက်
၎။ ပုဂ္ဂလပညတ်ကျမ်း - ၇ ရက်
၅။ ကထာဝတ္ထုကျမ်း - ၈ ရက်
၆။ ယမိုက်ကျမ်း - ၂၀ ရက်
၇။ ပဋ္ဌာန်းကျမ်း - ၂၅ ရက်
ဓမ္မသင် ဝိဘင်္ဂ ဒွာဒသ ရက်စီ၊ ခြောက်ရက်ကြာ ကျမ်းဓာတုရယ်နှင့်
ပုဂ္ဂလာ ခုနှစ်ရက် ဟောမြွတ်ခဲ့သည်၊
ကထာဝတ် ရှစ်ရက်ညီ ဝီသာပယမိုက်ကျမ်း၊ ပဉ္စဝီ ပဋ္ဌာနရယ်လို့ လသုံးလီ မယ်တော်မိကို
ဟောသည့်မှတ်တမ်း။
ရှေးဆရာတော်ကြီးများ

အရဟံ ဇယံ ဘုရားရှိခိုး
Posted by
Dhamma Pann Khinn
အရဟံ ဗဟိ အန္တဇယံ သုဂတံ၊
အမိတံ ဝိရဇံ လလိတံ အတုလံ၊
စရဏံ တိဘဝူပသမံ ယမကံ၊
သုခဒံ သရဏံ ပဏမာမိ ဇိနံ။
၁။ အရဟံ - ပူဇော်အထူးကို ခံယူတော် မူထိုက်သော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၂။ ဗဟိ အန္တဇယံ - အတွင်းအပရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၃။ သုဂတံ - ကောင်းသောစကားကို ဆိုတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၎။ အမိတံ - မနှိုင်းယှဉ်နိုင်သည့် တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၅။ ဝိရဇံ - ကိလေသာမြူတို့မှ ကင်းတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၆။ လလိတံ - တင့်တယ်သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၇။ အတုလံ - အတုမရှိသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၈။ စရဏံ - အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၉။ တိဘဝူပသမံ - ဘုံသုံးပါး၌ ကိလေသာတို့မှ ငြိမ်းအေးတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၁၀။ ယမကံ - ရေ၊ မီးအစုံ အစုံ တန်ခိုးပြာဋိဟာနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၁၁။ သုခဒံ - ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၁၂။ သရဏံ - ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
၁၃။ ဇိနံ - မာရ်ငါးပါးကို အောင်မြင်တော်မူသော မြတ်စွာဘုရားကို၊ ပဏမာမိ-ရှိခိုးပါ၏ ဘုရား။
ဘုရားရှေ့တွင် (၁၀၈)ခေါက် ပုတီးစိပ်၍ လိုရာအဓိဋ္ဌာန်ပါ။
ဝါးချက်မင်းကျောင်းဆရာတော်ကြီးနှင့် မန္တလေးတောင်ရသေ့ကြီး ဦးခန္တီ
ဝါးချက်မင်းကျောင်း ဆရာတော်ကြီးသည် မင်းတုန်းမင်းကြီး၏ ငယ်ဆရာဖြစ်သည်။ သက်တော်ကြီးရင့်တော်မူသောအခါ စစ်ကိုင်းဘက်သို့ တောထွက်တော်မူ၍ တရားဘာဝနာအလုပ် အားထုတ်နေသည်ကို မင်းတုန်းမင်းကြီး သိရှိ၍ ကျောင်းဆောက် လှူဒါန်းတော်မူ၏။ ထိုကျောင်းကို "မင်းကျောင်း"ဟု ခေါ်တွင်လေ၏။
အနီးအနားဝန်းကျင်မှ ကျေးရွာများကိုလည်း ဆွမ်းဝတ်မပြတ် ချက်ကပ်လှူဒါန်းကြရန် အမိန့်သတ်မှတ်စေခိုင်းသဖြင့် ထိုရွာကိုလည်း "ဝတ်ချက်ရွာ"ဟု ခေါ်တွင်လာကြ၏။ တစ်နေ့သ၌ မန္တလေးတောင် ရသေ့ကြီးဦးခန္တီသည် ရဟန္တာဟု ကျော်ကြားတော်မူသော ဝါးချက်မင်းကျောင်းဆရာတော်ကြီးအား သွားရောက်ဖူးမျှော်လေ၏။
ထိုအခါ ဆရာတော်ကြီးက ရသေ့ကြီးဦးခန္တီအား "တန်ခိုးအစွမ်းကို လက်တွေ့ပြစမ်းပါ"ဟု အမိန့်ရှိတော်မူလေ၏။ ရသေ့ကြီး ဦးခန္တီက "မှန်လှပါဘုရား၊ တပည့်တော်ကို ဘုရားရှေ့တွင် ပုတီးစိတ်ခွင့်ပြုတော်မူပါဘုရား"ဟု လျှောက်ထားပြီး ဘုရားခန်းသို့ ဝင်၍ (၄၅)မိနစ်ခန့် ပုတီးစိတ်ပြီး ပြန်ထွက်လာ၏။ (၁၅)မိနစ်ခန့်ကြာသော် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော ဒါယကာတစ်ယောက် ရောက်လာပြီး ရသေ့ကြီးဦးခန္တီအား အထုပ်တစ်ထုပ် လှူဒါန်း သွားလေ၏။ ထိုအထုပ်ထဲတွင် ရွှေဒင်္ဂါပြား (၁၀၈)ပြားကို တွေ့ရှိရလေသည်။
ထိုအခါ ဆရာတော်ကြီးကလည်း "အေး ဒီလိုဆို ငါလည်း ဘုရားရှေ့ ပုတီးစိတ် လိုက်ဦးမယ်"ဟု ဆိုကာ ဘုရားခန်းသို့ ဝင်သွားတော်မူ၏။ ဆရာတော်ကလည်း ရသေ့ကြီးဦးခန္တီ နည်းတူ (၄၅)မိနစ်ခန့်ကြာသောအခါ ပြန်ထွက်လာပြီး နောက်(၁၅)မိနစ်ခန့်ကြာသောအခါ ဒါယကာတစ်ယောက်သည် လူနှစ်ယောက်ထမ်းလာသော အထုပ်တစ်ထုပ်ကို ဆရာတော်ကြီးအား လှူဒါန်းသွားလေ၏။ ထိုအထုပ်ထဲတွင် သင်္ကန်းအစုံ (၁၀ဂ)စုံကို တွေ့ရှိရလေသည်။
ဆရာတော်ကြီးမှ ရသေ့ကြီးဦးခန္တီအား "ဘာကို ပုတီးစိပ်ပါသလဲ"ဟု မေးသောအခါ ရသေ့ကြီးဦးခန္တီက "အရဟံ ဗဟိ အန္တဇယံ သုဂတံ"ဂါထာကို ပုတီးစိတ်ကြောင်း လျှောက်ထားလေ၏။ ဆရာတော်ကြီးကလည်း "အေး ငါလည်း အဲဒီဂါထာကို စိပ်တယ်"ဟု မိန့်ကြားတော်မူ၏။
ထိုအကြောင်းအရာများကို နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဏိတ - အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဗန်းမော်ဆရာတော်ကြီး ဒေါက်တာကုမာရဘိဝံသ (D.Litt)မှ မိန့်ကြားပါသည်။
ဘဒ္ဒန္တတိလောက (မင်းကင်း)၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်
Oct 22, 2010
ကောင်းချီးမင်္ဂလာ
Posted by
Dhamma Pann Khinn
“ဘာကြောင့် ငါက ကျေးဇူးတင်ရမှာလဲ၊ ကျေးဇူးတင်ရမှာက အလှူရှင်က တင်ရမှကွ”
ကောင်းတဲ့ဂုဏ်သတင်း ကျော်စောထင်ရှားခြင်းဟာ လောကအမြင်မှာ ထင်ရှားတဲ့ “လောကပကာသန”နဲ့ ဓမ္မအမြင်အရ ထင်ရှားတဲ့ “ဓမ္မပကာသန”လို့ နှစ်မျိုး နှစ်စားရှိပါတယ်။
လောက ပသာသန-ဆိုတာ တောင့်တခြင်း၊ မော်ကြွားခြင်း၊ အမြင်မှားခြင်းဆိုတဲ့ (တဏှာ၊ မာန၊ ဒိဋ္ဌိ) တရားတွေ မကင်းတဲ့အတွက် သံသရာဝဋ်ဒုက္ခတွေ ပိုပြီး ရှည်လျားစေတတ်ပါတယ်။ ဓမ္မပကာသန-ဆိုတာကတော့ သာသနာတော်လို့ခေါ်တဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမနဲ့အညီ ထင်ရှားတာဖြစ်လို့ သာသနာစံမှီတဲ့ ထင်ရှားကျော်ကြားမှုပါ။ တစ်နည်းပြောရရင် သာသနာတွင်းသားတိုင်း အလေးထားရမည့် ကျော်ကြားမှုမျိုး ဖြစ်ပါတယ်။
လောကနဲ့ ဓမ္မ (သို့) သာသနာ ဒီနှစ်မျိုး ယှဉ်လိုက်ရင် သာသနာ့စံ၊ ဓမ္မစံ-ဆိုတာ ဆင်းရဲအားလုံး ချူပ်ငြိမ်းရာ နိဗ္ဗာန်အထိ အထောက်အကူပြုနိုင်တာဖြစ်လို့ သာသနာနဲ့ ကြုံကျိုးနပ်လိုသူတိုင်း အလေးထားခံယူရမည့် ပကာသနလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လောကနဲ့သာ ရင်းနှီးကျွမ်းဝင်ကြတဲ့ ပုထုဇဉ်များဟာ သာသနာနဲ့ ကြုံတုန်းမှာ စွမ်းနိုင်ရာရာ သာသနာပြု၊ ကုသိုလ်ကောင်းမှု တစ်ခုခုကို လုပ်ပြီးတိုင်း ဓမ္မစံ ဓမ္မပကာသနကို အလေးမထားကြဘဲ တစ်ဘဝစာတောင်ပြည့်အောင် မခံတတ်တဲ့ လောကပကာသနကိုပဲ လိုလားတောင်းတနေတတ်ကြပါတယ်။ တစ်သိန်းတန်ရွှေခွက်ထက် ရက်တက်(စိမ်ရည်)ကို ပိုပြီး အလေးထားတတ်တဲ့ သဘောပေါ့။
ဂျပန်ဘုန်းတော်ကြီးများရဲ့ အတ္ထုပတ္တိများထဲက ဟောဒီ အဖြစ်အပျက်ကလေးကို ကြည့်ကြည့်ပါဦး။
(Kamakura) “ကံမာကူရ” မှာရှိတဲ့ “အင်ဂါကုဂျိ” (Engakuji Temple) ကျောင်းမှာ ကျောင်းထိုင်ဆရာတော် “ဆေဆက်စု” ကျောင်းထိုင်စဉ်က စာသင်သားတွေများလွန်းလို့ ကျောင်းဆောင်အသစ် ဆောက်ဖို့လိုနေတယ်။ အဲဒီမြို့က ကုန်သည်ကြီးတစ်ဦးဖြစ်တဲ့ “အူမေဓူဆေဘေ” က ကျောင်းဆောက်လုပ်ရေးအတွက် “ရယော”လို့ ခေါ်တဲ့ ရွှေဒင်္ဂါငါးရာလှူဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။ အဲဒီအသပြာကို ဆရာတော်ဆီ ယူလာတယ်။ ဆရာတော် ဆေဆက်စုက “ကောင်းပြီ၊ ထားခဲ့ပေါ့” လို့ မိန့်တယ်။ အူမေဓူက ရွှေဒင်္ဂါးထုပ်ကို ဆရာတော်ဆီ ဆက်ကပ်တယ်။ ဒါပေမယ့် ဆရာတော်ရဲ့ အမူအရာသဘောထားကိုတော့ တယ်ဘဝင်မကျဘူး။ “ရယော”ဆိုတဲ့ ရွှေဒင်္ဂါ သုံးပြားလောက်ရှိရင်တောင် သာမာန်လူတစ်ယောက်ဖို့ အရင်းအနှီးပြုပြီး တစ်သက်လုံး အသက်မွေးနိုင်တာ။ အခုသူက ရွှေဒင်္ဂါငါးရာကြီးများတောင် လှူတာကို ဆရာတော်က ကျေးဇူးတင်စကားလေး တစ်ခွန်းတစ်လေမျှ မဟဘဲကိုး။
“အိတ်ထဲမှာ ရွှေဒင်္ဂါငါးရာပါဘုရား”လို့ အူမေဓူက ဆရာတော် ရိပ်မိအောင် လျှောက်လိုက်တယ်။
“ဒကာကြီး ခုနက ပြောပြီးသားပဲ”လို့ ဆရာတော်က မိန့်တယ်။
“တပည့်တော်ဟာ ချမ်းသာတဲ့ကုန်သည်ကြီးတစ်ဦး ဆိုတာတောင်မှ ရွှေဒင်္ဂါငါးရာဆိုတာ နည်းတာ မဟုတ်ဘူးဘုရာ့”လို့ အူမေဓူက ဆိုပြန်တယ်။
“ဒီလို လှူတဲ့အတွက် ဒကာကြီးကို ကျူပ်က ကျေးဇူးတင်စကား ဆိုစေချင်တာလား”လို့ ဆရာတော်က မေးတော့ -
“ဆိုဖို့ကောင်းတာပေါ့ဘုရား”လို့ ပြန်လျှောက်တယ်။
“ဘာကြောင့် ငါက ကျေးဇူးတင်ရမှာလဲဟဲ့၊ ကျေးဇူးတင်ရမှာက အလှူရှင်က တင်ရမှာကွ”လို့ မိန့်ကြားလိုက်ပါသတဲ့။
ကဲ ဖြစ်ရပ်ကလေးကတော့ ဒါပါပဲ။ စဉ်းစားကြည့်စမ်းပါ။ ဆရာတော်ဆေဆက်စုရဲ့ စကားထဲက “ငါက”ဆိုတဲ့ နာမ်စားလေးဟာ သူ့ကိုယ်သူကိုယ်စားပြုပြီး ပြောတာဆိုရင်တော့ သာမာန်လူတစ်ယောက်အတွက် “လှူမိတာ မှားပေါ့”လို့များ ထင်မှားမိလေမလားပဘဲ။ နဘေးက ကြားရသူဆိုရင်လည်း “ဘုန်းကြီးက ဂျစ်ကပ်ကပ်နဲ့ လှူတဲ့လူ စေတနာပျက်အောင်လုပ်တယ်”လို့ ပြစ်မှားမိမယ် ထင်တယ်။
သေသေချာချာ စဉ်းစားကြည့်ရင်တော့ ဆရာတော်ပြောတဲ့ “ငါက”ဆိုတာ သူ့ကိုယ်သူ ကိုယ်စားပြုတာ မဟုတ်ပါဘူး။ သူ ထမ်းဆောင်နေတဲ့ သာသနာတော်ကို ကိုယ်စားပြုပြောတာပါ။
ပြောလိုရင်းကတော့ သာသနာတော်နဲ့ ကြုံတုန်းကြုံခိုက် သာသနာပြု အလှူတစ်ခု ပြုလုပ်တဲ့အခါမှာ “သာသနာတော်က ဒါယကာရဲ့ ကျေးဇူးကို သိရမှာလား၊ ဒါယကာက သာသနာတော်ရဲ့ ကျေးဇူးကို သိသင့်တာလား”လို့ မေးလိုရင်း ဖြစ်ပါတယ်။ တကယ်လို့ သာသနာက ဒါယကာအပေါ် ကျေးဇူးတင်သင့်တယ်လို့ ထင်မှား တောင့်တနေတယ်ဆိုရင် သူ့အလှူဟာ စေတနာမမှန်တဲ့ အလှူဖြစ်သွားမှာပေါ့။ ဒီလို မေးလိုက်တာကို သဘောပေါက်သွားလို့ “ဟုတ်ပေသားပဲ။ ဒါယကာက သာသနာကျေးဇူးကို သိပြီး လှူရမှာပါကလား”ဆိုတဲ့ အသိရသွားခဲ့ရင် “လှူတာလည်း မှန်သွားမယ်၊ ပျက်နေတဲ့ စေတနာလည်း ကောင်းမွန်သွားမယ်” ဒီလိုရည်ရွယ်ချက်နဲ့ ဆရာတော်က မေးခွန်းထုတ်ခဲ့တာ ဖြစ်သလို ဒကာကလည်း သဘောပေါက်သွားပုံရပါတယ်။ ဘာမှ ထပ်မလျှောက်တော့ဘဲ ကျေနပ်သွားပါတယ်။ ဒီလို ကျေနပ်ပြီး လှူဒါန်းမှလည်း လောကပကာသန ကင်းဝေးပြီး ဓမ္မပကာသန ပေါ်လွင်ထင်ရှားတဲ့ အလှူစစ်ကြီး ဖြစ်သွားမှာပါ။
ဓမ္မပကာသနသမားရဲ့ အလှူဟာ လှူသူအတွက်ရော သာသနာအတွက်ပါ ဘယ်လောက်အရေးပါသလဲဆိုတာ သဘောပေါက်ဖို့ မြတ်စွာဘုရားရှင်ရဲ့ ကျောင်းဒကာ အနာထပိဏ်သူဠေးကြီးရဲ့ စိတ်ထားကိုလည်း အကဲခတ်ကြည့်စေချင်ပါတယ်။
အနာထပိဏ်သူဠေးကြီးက ဘုရားရှင်နဲ့ သံဃာတော်များအတွက် ကျောင်းတော်ကြီး ဆောက်လုပ်ဖို့ ဇေတမင်းသားရဲ့ ဥယျာဉ်မြေကို ရွှေဒင်္ဂါတွေ အပြည့်ခင်းပြီး ပေးချေတဲ့အခါ (၁၈)ကုဋေ ခင်းပြီးတဲ့ အချိန်မှာ မုခ်ဦးနေရာလေးပဲ ကျန်တော့တယ်။ ဒီအတွက် ပေးချေဖို့ ဘဏ္ဏတွေ ထပ်အယူခိုင်းတဲ့အခါမှာတော့ ဇေတမင်းသားက လက်ကာပြီး တားတယ်။ မပေးပါနဲ့တော့။ ဒီနေရာလေးကိုတော့ သူအလှူပါဝင် ပါရစေပေါ့။ ဒါပေမယ့် ဒီအတိုင်းတော့ မဟုတ်ဘူး။ ဒီနေရာလေးမှာ မုခ်ဦးတပ်ပြီး ကျောင်းအမည်ကိုလည်း “ဇေတဝန”လို့ သူ့နာမည်နဲ့ ကမ္ဗည်းထိုးပေးရမယ်လို့ တောင်းဆိုပါတယ်။ အနာထပိဏ်သူဠေးကြီးက ကျေကျေနပ်နပ် ခွင့်ပြုတယ်။ ဒါကြောင့်ဘုရားရှင်ရဲ့ ကျောင်းတော်ကြီးဟာ အားလုံးပေါင်း (၅၄)ကုဋေ အကုန်အကျခံတဲ့ ကျောင်းဒကာ အနာထပိဏ်ရဲ့ အမည်မပေါက်ဘဲ မုခ်ဦးဒကာ ဇေတမင်းသားအမည်ပဲ ပေါက်တယ်။
ဒါက လောကပကာသနအရ ထင်ရှားတဲ့ အမည်ပါ။ ဓမ္မပကာသနအရတော့ အနာထပိဏ်ရဲ့ ရည်ရွယ်ချက်၊ သူ့ရဲ့ အနှစ်နာခံမှုတို့ကြောင့် သာဝတ္ထိပြည်မှာ မြတ်ဘုရားရှင်ရဲ့ သာသနာဟာ နေအထောင်၊ လအထောင်ပမာ ထွန်းလင်းခဲ့သလို ဇေတမင်းသားတို့လို ထင်ရှားတဲ့ အမျိုးအနွယ်တွေက စပြီး ဘုရားရှင် မကြွရောက်မီ သာသနာကို ကြိုတင် ကြည်ညိုကြသူတွေ ဖြစ်လာကြတယ်။
ဒီနေ့အထိ မြတ်ဗုဒ္ဓရဲ့ ဒေသနာတွေကို နာယူဖတ်ရှုလေတိုင်း “အနာထပိဏ်ဆောက်လုပ်တဲ့ ဇေတဝန်ကျောင်း”ဆိုပြီး ကျောင်းဒကာကြီးရဲ့ ဂုဏ်သတင်းက ပျံ့နှံ့နေဆဲ၊ ကြားရသူတိုင်း သာဓုခေါ်နေကြဆဲ ဖြစ်သလို နောင်ဘုရား အဆူဆူတို့ရဲ့ သာသနာအဆက်ဆက်အထိလည်း ထင်ရှားနေဦးမှာ မလွဲပါဘူး။
တကယ့် ပကာသန အစစ်ကို စိစစ်ရွေးချယ်နိုင်ကြပါစေသော် ....
သာဓု၊ သာဓု၊ သာဓု.....
ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)၊ ကြောက်တတ်ရင် ရှေ့တိုး
ဂျပန်ဘုန်းတော်ကြီး ဆေဆက်စု

Oct 20, 2010
ခြေနှစ်ဖက်နှင့် ဆင်းရဲချမ်းသာ
Posted by
Dhamma PannKhinn
လမ်းလျှောက်နေတဲ့အခါ ခြေတစ်ဖက်က မြေကြီးပေါ်မှာ ရပ်တည်နေသလိုပဲ ညာဘက်ခြေက ကြွလှမ်းတဲ့အခါမှာ ဘယ်ဘက်ခြေက မြေပေါ်မှာ ရပ်တည်နေတယ်။ ဘယ်ဘက်ခြေက ကြွလှမ်းနေတဲ့အခါမှာ ညာဘက်ခြေက ရပ်တည်နေမယ်။ အဲဒီလိုပဲ ချမ်းသာဆိုတဲ့ အကောင်းတွေ ဖြစ်ပေါ်လာတဲ့အခါမှာ ဆင်းရဲငြိမ်းနေတယ်။ ဆင်းရဲဆိုတဲ့ မကောင်းတာတွေ ဖြစ်နေတဲ့အခါမှာ ချမ်းသာမရှိဘူး။ တစ်လှည့်စီ၊ တစ်ပြန်စီ တွေ့ကြုံနေရတဲ့ တရားတွေပဲ။ ဒီတော့ ချမ်းသာနေတယ်ဆိုရင် ဆင်းရဲဆိုတာကလည်း တစ်ပါးတည်း နောက်ကလိုက်ပါလာတာပဲ။
မဟာစည်ဆရာတော်
ဒါနဟူသည် ...
Posted by
Dhamma PannKhinn
- လှူဒါန်းဒါန၊ မြတ်ကိစ္စကို၊ နေ့ညမရွှေ့၊ ချိန်မရွှေ့နှင့်၊ ယနေ့ရက်ချိန်း၊ နေ့မတိမ်းနှင့်၊ လှူကိန်းကြုံက၊ လှူဒါန်းရ၏။
- ဒါနဟူသည်၊ နိဗ္ဗာန်ရွှေနန်း၊ မစံမြန်းမီ၊ မျက်ကန်းခရီး၊ သံသာတည်း၌၊ ကမ်းလည်းမမြင်၊ ပင်လယ်ပြင်ဝယ်၊ နေဝင်နေထွက်၊ ခရီးဆက်သို့၊ ကိုယ်လက်ရိက္ခာ၊ ကိုယ်စီပါမှ၊ သံသာကမ်းတိုင်၊ ကူးခပ်နိုင်သည်၊ ကိုယ်ပိုင်ပစ္စည်း ဖြစ်သတည်း။
မိမိအတွက်သာ ဆင်ခြင်ပါ
Posted by
Dhamma PannKhinn
- မိမိ မကျေနပ်သူကို မကျေမနပ် စိတ်မှာ တေးမှတ်ထားပြီး မပြတ်အခါခါ မရှုမကြည့်ရာ။
- အခြားသူတို့၏ ပြုအပ်သောကောင်းမှု၊ မပြုအပ်သောကောင်းမှုကို အလုပ်တစ်ခုအဖြစ် ဂရုစိုက်ပြီး မရှုမကြည့်ရာ။
- မိမိကိုယ်ကိုသာ မိမိ ပြုအပ်သောကောင်းမှု၊ မပြုအပ်သော ကောင်းမှုကိုသာလျှင် အလုပ်တစ်ခုအဖြစ် ဂရုစိုက်ပြီး ကြည့်ရှုဆင်ခြင်ကြည့်ရာ၏ ။
ခုဒ္ဒကနိကာယ်၊ ဓမ္မပဒ၊ ပုဖ္ဖဝဂ်၊ ပါဝေယျက အာဇီဝကဝတ္ထု
ပညာဆိုတာ ...
Posted by
Dhamma PannKhinn
- ပညာနှင့်တူသော အရောင်အလင်းမရှိ၊ ပညာအတတ် ကျေးဇူးမြတ်နှင့် ဂုဏ်သတ္တိမှာ ဘယ်ဥစ္စာမျှ နှိုင်းရာမတူ။
- ပညာချို့တဲ့၊ အတတ်မဲ့သော်၊ ကဲ့ရဲ့အဝှမ်း၊ လူ့ပေါက်ပန်းဟု၊ သွပ်မှန်းသိထွေ၊ ဆိုကြလေအံ့။
- ပညာချို့တဲ့၊ ကျေးဇူးမဲ့က၊ ဆုတ်သည့်လသို့၊ ခဏမကြာ၊ ရွေ့လျောရာ၏၊ ပညာမျှော်မြင်၊ သူတော်အစစ်၊ ဖြစ်လာခဲ့က၊ ဆန်းသစ်လသို့၊ ကြွယ်ဝကုံလုံ၊ ဤလူ့ဘုံ၌၊ လုံးစုံဦးညွတ်၊ ခမြဲဝပ်လျက်၊ ကောင်းပါစေလို၊ ပညာကိုလည်း၊ နုပျိုငယ်က၊ သင်ချေမှတည့်၊ ထိုမှရွယ်ရောက်၊ တံခွန်ဆောက်သို့၊ တစ်ယောက်ထင်ပေါ်၊ နှံ့သိကျော်လိမ့်။
ဘဒ္ဒန္တဝိသုတ (ပရိယတ္တိဆန်လှူအသင်းစိန်ရတု)
ခြေတစ်လှမ်းကုဋေတစ်သန်း
Posted by
Dhamma PannKhinn
သူဋ္ဌေးကြီး ... ကျောင်းတော်သို့ တရားနာဖို့သွားသူဟာ ခြေတစ်လှမ်းမှာ ကုသိုလ်တစ်ခါရပါတယ်။ ခြေတစ်လှမ်းမှာရတဲ့ ကုသိုလ်ကို ၂၅၆ပုံ ပုံပါ၊ ၂၅၆ပုံ၏ အပုံတစ်ပုံမှာရတဲ့ ကုသိုလ်၏ တန်ဖိုးကို ဆင်တစ်သိန်း၊ မြင်းတစ်သိန်း၊ အဿထိုရ်မြင်းကသော ရထားတစ်သိန်း၊ ပတ္ထမြားနားတောင်း ပန်ဆင်ထားသည့် သတို့သမီး ကညာတစ်သိန်း၊ စုစုပေါင်းတန်ဖိုး လေးသိန်းတို့ဟာ မမီနိုင်ပါလို့ ပြောပြခဲ့ပါတယ်။
တန်ဖိုးလေးသိန်းတို့ဟာ တရားနာသွားသူရဲ့ ခြေတစ်လှမ်းရဲ့ ၂၅၆ပုံ၏ အပုံတစ်ပုံမှာရတဲ့ ကုသိုလ်တန်ဖိုးကို လုံးဝမမီနိုင်ပါ။ ခြေတစ်လှမ်းဟာ ကုဋေတစ်သန်းတန်တယ်ဆိုတဲ့ ကုသိုလ်တစ်မျိုး ဖြစ်ပါတယ်။

သဂါထာဝဂ္ဂသံယုတ်၊ ၂၁၃
မိတ်စစ်၊ မိတ်တု
Posted by
Dhamma PannKhinn
အရေးကိစ္စ - ပေါ်တုံက - ကူကြမိတ်သဟာ
၁။ ရလျှင်ကပ်လာ၊ မရခွာ၊ လူညာမိတ်သဟာ၊ စကားဖြင့်မြှောက်၊ လက်မရောက်၊ ကြောက်ရမည့်သူသာ။
၂။ အရေးကြုံက၊ ရှောင်လွဲကြ၊ မှတ်ကြမိတ်တုသာ၊ ပေးစဉ်ကျွေးစဉ်၊ ကျေးဇူးတင်၊ ဝေးလျှင် မေ့တတ်သာ။
၃။ ကျေးဇူးတရား၊ သိတုံငြား၊ သူကားမိတ်စစ်သာ၊ ကိုယ်တိုင်တွေ့က၊ နှုတ်ချိုမြ၊ တူလှပျားသကာ။
၎။ မျက်ကွယ်ရောက်က၊ အဆိပ်မျှ၊ ပြောကြမိတ်တုသာ၊ အစစ်အတု၊ မိတ်နှစ်ခု၊ စွဲမှုဉာဏ်ယှဉ်ပါ။
စစ်ကိုင်းရွှေဟင်္သာဆရာတော်ကြီး (၁၂၅၅ ~ ၁၃၅၆)

ကောင်းဆိုးလောကဓံသည်းသည်းခံ
Posted by
Dhamma PannKhinn
၁။ လုပ်တိုင်းမဖြစ်၊ စိတ်မညစ်နဲ့၊ ကိုယ်လုပ်တိုင်းသာ၊ ဖြစ်နေပါက၊ ဘယ်မှာ အနတ္တရှိမည်နည်း။
၂။ ပြောတိုင်းမရ၊ ဒေါမထနှင့်၊ ပြောတိုင်းသာပေ၊ ရနေပါက၊ ဘယ်မှာ အနတ္တရှိမည်နည်း။
၃။ ကြံတိုင်းမမြောက်၊ စိတ်မဖောက်နှင့်၊ ကြံစည်တိုင်းသာ၊ မြောက်နေပါက၊ ဘယ်မှာ အနတ္တရှိမည်နည်း။
၎။ ဆင်းရဲကြုံမှု၊ မညည်းညူနှင့်၊ ချမ်းသာချည်းသာ၊ ကြုံနေပါက၊ ဘယ်မှာ ဒုက္ခရှိမည်နည်း။
၅။ ပျက်စီးတိုင်းလျှင်၊ မပူပင်နှင့်၊ မပျက်စီးဘဲ၊ ခိုင်မြဲပါက၊ ဘယ်မှာ အနိစ္စ ဖြစ်မည်နည်း။
၆။ အာရုံဟူသမျှ၊ မတောင့်တနှင့်၊ တောင့်တတိုင်းသာ၊ ပြည့်စုံပါက ဘယ်မှာ အနတ္တရှိမည်နည်း။

ရှေးသူတော်စင်များ
Oct 19, 2010
ရှင်ရာဟုလာနဲ့ တံမြက်စည်း
Posted by
Dhamma PannKhinn
ရဟန်းတွေက ကိုရင်ရာဟုလာ အဝေးက လာနေတာကို မြင်ရင် တံမြက်စည်းနဲ့ အမှိုက်စွန့်ပုံးတွေကို အပြင်မှာ ပစ်ထားကြပါတယ်။ အဲဒီအခါ အခြားရဟန်းတွေက “ငါ့ရှင်တို့၊ ဒါကို ဘယ်သူ ချပစ်ထားတာလဲ”လို့ မေးတဲ့အခါ အရှင်ဘုရားတို့၊ ကိုရင်ရာဟုလာ ဒီနားက ဖြစ်သွားပါတယ်။ သူများ ချပစ်ထားတာလေလား လို့ အခြားရဟန်းတွေက ဖြေကြပါတယ်။ ကိုရင်ရာဟုလာက အရှင်ဘုရားတို့၊ ဒါကို တပည့်တော် မလုပ်ပါ ဘုရား လို့ တစ်နေ့မှ မပြောဘဲ အဲဒါတွေကို သိမ်းဆည်းကာ ရဟန်းတွေကို တောင်းပန်ပြီး သွားပါသတဲ့။
ရှင်ရာဟုလာရဲ့ စိတ်ထားဟာ အင်မတန်ပဲ ကောင်းမွန်လှပါပေတယ်။ ဒီလို စိတ်ထားကောင်းကြောင်းကို သိကြလို့လည်း ရဟန်းတွေက ရှင်ရာဟုလာကို စမ်းသပ်ကြပုံ ပေါ်ပါတယ်။ ရှင်ရာဟုလာဟာ စကြာဝတေးမင်း ဖြစ်နိုင်လောက်အောင် ဘုန်းကံပါရမီရှိတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ ရုပ်ရည်ကလည်း ဘုရားရှင်လိုပဲ တင့်တယ်သပ္ပယ်ပါတယ်။ ရွှေအဆင်းလို ဝါဝင်းနေပါတယ်။ မင်းမျိုးဖြစ်လို့ နူးညံ့နေပါတယ်။ အစစ အရာရာ ပြည့်စုံနေလို့ ကိုရင်ရာဟုလာမှာ ဘဝင်မြင့်မယ်ဆိုရင် မြင့်ချင်စရာပါပဲ။
ရှင်ရာဟုလာဟာ ငယ်ရွယ်သူလေးဖြစ်ပေမယ့် အသိအမြင် ကြီးမားပါပေတယ်။ စိတ်ထား မြင့်မြတ်လှပါပေတယ်။ ပစ္စည်းရှင်ရဲ့ သားသမီးဖြစ်လို့ ဘဝင်မြင့်ကြတဲ့ ကလေးတွေ၊ ရာထူးရှင်ရဲ့ သားသမီးဖြစ်လို့ ဘဝင်မြင့်ကြတဲ့ ကလေးတွေ၊ ရုပ်ရည်ချောမောလှပလို့၊ ပညာတတ်လို့၊ အသိုင်းအဝိုင်းကောင်းလို့ စတဲ့ အကြောင်းတွေကြောင့် ဘဝင်မြင့်ကြတဲ့ ကလေးတွေဟာ ရှင်ရာဟုလာရဲ့ စိတ်ထားကို အတုယူသင့်ကြပါတယ်။
ကလေးငယ်တွေသာမက ပစ္စည်းဥစ္စာ၊ ရာထူး၊ ရုပ်ရည်၊ ပညာ၊ အသိုင်းအဝိုင်းစတဲ့ အခြေအနေတွေကြောင့် မာန်တက်နေကြသူ လူကြီးတွေလည်း ရှင်ရာဟုလာရဲ့ စိတ်ထားကို အတုယူသင့်ကြပါတယ်။ အဲဒီ ဘဝင်မြင့် မာန်တက်နေကြသူတွေ အားလုံးရဲ့ မာန်တက်စရာ အခြေအနေတွေဟာ ရှင်ရာဟုလာရဲ့ အခြေအနေနဲ့ နှိုင်းစာရင် မြင်းမိုရ်တောင်နဲ့ ဆီးစေ့ပမာလို ကွာခြားပါလိမ့်မယ်။ ရုပ်ရည်ရော၊ ပစ္စည်းရော၊ အသိုင်းအဝိုင်းရော၊ ရာထူးရော အစစအရာရာမှာ ခေါင်ထိပ်မှာ ရောက်နေတဲ့ ရှင်ရာဟုလာရဲ့ အခြေအနေဟာ ဘဝင်မြင့်မယ်ဆိုရင် မိုးထက်ပင် မြင့်ချင်စရာပါပဲ။ ဒါပေမဲ့ အဲဒီလို ဘဝင်မမြင့်ဘဲ စိတ်ထားမြင့်မားတာဟာ ရဟန်းရှင်လူအားလုံးအတွက် အကောင်းဆုံး စံနမူနာ ဖြစ်ပါပေတယ်။
၂။ သူလာ လမ်းနား၊ မှိုက်တောင်များ (တံမြက်စည်းများ)၊ ပစ်ထားကြပါသည်။
၃။ ဒါတွေ ဘယ်သူ၊ ပစ်ထားဟူ၊ ခြားသူတွေက မေးကြသည်။
၎။ ရှင်ရာဟုလာ၊ ဒီနားမှာ၊ သွားတာ တွေ့ရသည်။
၅။ သူဟာ ဒါတွေ၊ ပစ်ထားပေ၊ ဖြစ်နိုင်ခြေ ရှိသည်။
၆။ ထိုသို့ ပြောတာ၊ ရာဟုလာ၊ ကြားကာ သွားပါသည်။
၇။ ထိုခါ တပည့်တော်၊ မလုပ်ပါနော်၊ တစ်နေ့သော်မှ၊ မပြောပြီ။
၈။ ထိုပစ္စည်းများ၊ သိမ်းဆည်းသွား၊ သူကား တောင်းပန်လိုက်သေးသည်။
၉။ သူ့စိတ်ထားကား၊ လွန်မြင့်မား၊ လေးစားစရာ ကောင်းလှသည်။
၁၀။ ရာဟုလာညီဖွား၊ အသင်ကား၊ စိတ်ထား သူ့လို ရှိသင့်သည်။
သာမဏေကျော် (အတုယူဖွယ်ရာ စိတ်ထားများ)
(ပါစိတျာ ဒိ၊ ဋ္ဌ၊ ၁၁)

လင်္ကာ
၁။ ရှင်ရာဟုလာ၊ အဝေးမှာ၊ လာတာ မြင်ကြသည်။၂။ သူလာ လမ်းနား၊ မှိုက်တောင်များ (တံမြက်စည်းများ)၊ ပစ်ထားကြပါသည်။
၃။ ဒါတွေ ဘယ်သူ၊ ပစ်ထားဟူ၊ ခြားသူတွေက မေးကြသည်။
၎။ ရှင်ရာဟုလာ၊ ဒီနားမှာ၊ သွားတာ တွေ့ရသည်။
၅။ သူဟာ ဒါတွေ၊ ပစ်ထားပေ၊ ဖြစ်နိုင်ခြေ ရှိသည်။
၆။ ထိုသို့ ပြောတာ၊ ရာဟုလာ၊ ကြားကာ သွားပါသည်။
၇။ ထိုခါ တပည့်တော်၊ မလုပ်ပါနော်၊ တစ်နေ့သော်မှ၊ မပြောပြီ။
၈။ ထိုပစ္စည်းများ၊ သိမ်းဆည်းသွား၊ သူကား တောင်းပန်လိုက်သေးသည်။
၉။ သူ့စိတ်ထားကား၊ လွန်မြင့်မား၊ လေးစားစရာ ကောင်းလှသည်။
၁၀။ ရာဟုလာညီဖွား၊ အသင်ကား၊ စိတ်ထား သူ့လို ရှိသင့်သည်။
သာမဏေကျော် (အတုယူဖွယ်ရာ စိတ်ထားများ)
Oct 18, 2010
ချီးမွမ်းကဲ့ရဲ့ တည်တံ့အောင်နေ
Posted by
Dhamma PannKhinn
၁။ ဂုဏ်ရှိနေငြား၊ ပုဂ္ဂိုလ်အား၊ မုန်းထားမလို၊ ကဲ့ရဲ့လို၊ ဂုဏ်ပြို မသွားပေ။
၂။ ဂုဏ်အနှစ်ကင်း၊ ပုဂ္ဂိုလ်ဖျင်းအား၊ ချီးမွမ်းငြားလည်း၊ ဂုဏ်ကားမပို၊ နဂိုအနေ၊ ဂုဏ်ကင်းပေး။
၃။ ဤသို့အမှန်၊ လောကဓံကို၊ ဧကန်ထင်လင်း၊ အမြင်ရှင်း၍၊ သင်္ဂြိုဟ်ကဲ့ရဲ့၊ မဲ့ရွဲ့ဆိုတိုင်း၊ စိတ်ရိုင်းဒေါသ၊ မာန်မထနှင့်။
၎။ ဝဝဖြာဖြာ၊ ဂုဏ်ထူးစွာကို၊ ထုတ်ကာဖော်လှိုင်း၊ ချီးကျူးတိုင်းလည်း၊ ဝမ်းထဲလှိုက်ဖို၊ ဘဝင်စို၍၊ ပိုမိုကဲမောက်၊ ဝမ်းမမြောက်နှင့်။
၅။ ထွင်းဖောက်မြော်မြင်၊ သူတော်စင်တို့၊ အမြင်မကောင်း၊ ပြစ်ပေါင်းတစ်စိ၊ မကပ်ငြိဘဲ၊ ဝမ်းထဲအဇ္ဈတ်၊ သန္တာန်ဓာတ်၌၊ မြတ်ပါရမီ၊ ဂုဏ်အဆီတို့၊ စုံညီကိန်းကြောင်း၊ တရားပေါင်းကို၊ ထိန်းကျောင်းဆည်းစုရာသတည်း။
ဘဒ္ဒန္တရာဇိန္ဒာဘိဝံသ၊ ဗဟန်း

အကောင်းဆုံးဆုတောင်း
Posted by
Dhamma PannKhinn
"ဘုရားရှိခိုး၊ အကျိုးသင်္ချေ" ဆိုရိုးစကားရှိပါသည်။ မြတ်စွာဘုရားအား ညွှတ်တွားရိုသေ စေတနာထက်သန်စွာဖြင့် ရှိခိုးခြင်းကြောင့် ဘဝ အထွေထွေတွင် အသင်္ချေအနန္တ အကျိုးထူးတွေ ရနိုင်ကြပါသော်လည်း ဤဘဝအတွက်သာ စီးပွားချမ်းသာ ဘေးရန်ကင်းကွာမှုကို ဆုတောင်းလေ့ ရှိကြပါသည်။ ဤဘဝ တစ်ခဏ ချမ်းသာခြင်းနှင့် အန္တရယ်ကင်းရုံမျှသာ ဆုတောင်းနေကြသည်မှာ နည်းမှန်သည်ဟု မဆိုသာပါ။
သြကာသကန်တော့ခန်း ဘုရားရှိခိုးတွင် အရိုးဆုံးဆုတောင်းနှင့် အကောင်းဆုံး ဆန္ဒကို လမ်းပြရည်ရွယ်၍ လောကီမဖက် လောကုတ္တရာသက်သက် နှုတ်မြွတ် ဆုတောင်းပေးထားကြသည်ကို အတုယူကြပါကုန်။ မိမိတို့အနေဖြင့် "ဣဒံ မေပုညံ နိဗ္ဗနဿ ပစ္စယော ဟောတု ထက် ကောင်းသောဆုတောင်း မရှိဟု သတိပြုကြပါကုန်"/
ဘဒ္ဒန္တတိလောကသာရ (ရဝေထွန်း)

သူတော်ကောင်းဖြစ်ရေး
Posted by
Dhamma PannKhinn
- ရေကန်၌ မှော်ကို ဖယ်၍ သောက်ရေ ခပ်ရသည်။
- တုံးတံတားလျှောက်စဉ် အရပ်တစ်ပါးမကြည့်နှင့်၊ ချောက်သို့ ကျလိမ့်မည်။
- ပန်းပဲဆရာ အထုမခံရသောသံတုံး လက်နက်မဖြစ်၊
ဆရာကောင်းအဆုံးအမ မခံရသောတပည့် သူတော်ကောင်း မဖြစ်။
ပထမ ရွှေကျင်ဆရာတော် ဘဒ္ဒန္တဇာဂရ
မဟာဂန္ဓာရုံ လမ်းစဉ်၁၀ချက်
Posted by
Dhamma PannKhinn
၁။ စိတ်ကောင်းရှိဖို့က ......... ပထမ
၂။ ဝိနည်းလေးစားဖို့က ........ ဒုတိယ
၃။ ကျန်းမာဖို့က .................. တတိယ
၎။ သန့်ရှင်းဖို့က .................. စတုတ္ထ
၅။ အဝတ်အစားတတ်ဖို့က ... ပဉ္စမ
၆။ အနေအထိုင်တတ်ဖို့က .... ဆဋ္ဌမ
၇။ အသွားအလာတတ်ဖို့က .. သတ္တမ
၈။ အပြောအဆိုတတ်ဖို့က ... အဋ္ဌမ
၉။ စည်းကမ်းလိုက်နာဖို့က .... နဝမ
၁၀။ စာတတ်ဖို့က ................ ဒသမ

အရှင်ဇနကာဘိဝံသ
ပညာပွားကြောင်း ခုနှစ်ပါး
Posted by
Dhamma PannKhinn
၁။ ပညာရှိသူထံ ချဉ်းကပ်၍ မေးမြန်းဆွေးနွေးလေ့ရှိခြင်း။
၂။ ကိုယ်လက်အင်္ဂါ၊ အသုံးအဆောင်များကို စင်ကြည်သန့်ရှင်းအောင် ပြုလုပ်လေ့ရှိခြင်း။
၃။ သဒ္ဓါစသော ဣနြေ္ဒတရားတို့ကို ညီညွတ်အောင် ကျင့်သုံးလေ့ရှိခြင်း။
၎။ လူမိုက်တို့ကို ရှောင်ကြဉ်ခြင်း။
၅။ ပညာရှိတို့နှင့်သာ ယှဉ်တွဲနေလေ့ရှိခြင်း။
၆။ ဉာဏ်၏ ကျက်စားရာ နက်နဲသော ကျမ်းဂန်စာပေတို့ကိုသာ ကြည့်ရှုလေ့လာလေ့ရှိခြင်း။
၇။ ပညာရှိပုဂ္ဂိုလ်တစ်ဦး ဖြစ်မြောက်ရေးကိုသာ အလေးပေး အာရုံပြုခြင်း။

ရဝေထွန်း (ဗုဒ္ဓ၊ ဓမ္မ၊ လောက)
နေတတ်အောင်နေခြင်း
Posted by
Dhamma PannKhinn
၁။ မျက်စိက မြင်သော်လည်း မမြင်သင့်တဲ့အရာဆိုလျှင် အကန်းလိုနေပါ။
၂။ နားက ကြားသော်လည်း မကြားသင့်တဲ့အရာဆိုလျှင် နားထိုင်းသူလိုနေပါ။
၃။ စကားအရာလိမ္မာတဲ့ ပညာရှိဖြစ်သော်လည်း မပြောသင့်တဲ့အရာဆိုလျှင် ဆွံ့အသူလို မပြောဘဲနေပါ။
၎။ ခွန်အားဗလကောင်းသော်လည်း မလုပ်သင့်တဲ့အရာဆိုလျှင် အားခွန်ဗလ မရှိသူလိုနေပါ။
၅။ မပြုသင့်တဲ့ကိစ္စ ဖြစ်ပေါ်လာလျှင် လူသေကောင်လိုနေပါ။
မဟာ ကစ္စာယနတ္ထေဂါထာ၊ ၂၉၅

Oct 17, 2010
တစ်လုပ်စားဖူး သူ့ကျေးဇူး
Posted by
Dhamma PannKhinn
- ကျေးဇူးမသိ၊ လူတုံးတိ၊ များဘိဒုက္ခသာ
- အရိပ်ခိုကိုး၊ သစ်ပင်မျိုး၊ မချိုးမခုတ်ရာ
- အရိပ်ခိုကိုး၊ အခက်ချိုး၊ ပျက်ရိုးထိုသူသာ
- တစ်လုပ်စားဖူး၊ သူ့ကျေးဇူး၊ ကျုးကာမဖျက်ရာ
- ကျေးဇူးသိက၊ အဝဝ၊ ချမ်းသာကြမည်သာ
- ယခုမျက်မှောက်၊ ချမ်းသာရောက်၊ မြားမြောက်ပုံစံလာ။
စစ်ကိုင်းရွှေဟင်္သာဆရာတော်ကြီး
ဆမ်ဘာဝမ်း ကထိန်(၂၀၁၀)
Posted by
Dhamma PannKhinn
ပွဲတော်အစီအစဉ်
- ကထိန်သင်္ကန်း ကပ်လှူပူဇော်ကြပါမည်။
- စင်္ကာပူရောက် မြန်မာ့အနုပညာဝါသနာရှင်များနှင့် မင်းသား နန်းဝင်း၊ မင်းသမီး နန်းခင်မွှေး၊ ဦးချစ်စရာ (မန္တလေးသား စစ်စစ်ကြီး)တို့က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ ဇာတ်တော်၊ အငြိမ့်ခန်းတို့ဖြင့် ဖျော်ဖြေပါမည်။
- ကြွရောက်လာကြမည့် ပရိတ်သတ်အပေါင်းကို စတုဒိသာ မြန်မာ့ရိုးရာ အစားအစာများနှင့် ဧည့်ခံကျွေးမွေးပါမည်။
- အဖက်ဖက်မှ ပါဝင်ကူညီ လှူဒါန်းလိုသူများ အောက်ပါကော်မတီဝင်များနှင့် ဆက်သွယ်နိုင်ပါသည်။
ဓမ္မဥယျာဉ်ကျောင်းကော်မတီ - 64055322, 98595661, 97341415, 91692235
ကိုဌေးဝင်း - 96666793၊ ဦးမြင့်စန်း - 92955247၊ ကိုအောင်ကျော်မြင့် - 98301562
- နေရာ ... ဆမ်ဘာဝမ်းပန်းခြံ (Sembawang Park)၊ ဆမ်ဘာဝမ်း MRT မှ 882 Bus ကို စီး၍ ဆမ်ဘာဝမ်းပန်းခြံတွင် ဆင်းပါ။
- နေ့ရက် ... နိုဝင်ဘာ (၂၁)ရက်
- အချိန် ... နံနက် (၁၀:၀၀) နာရီမှ ညနေ (၄:၀၀) နာရီအထိ။
Oct 16, 2010
ဒယ်အိုး ဆရာတော် တရားပွဲ
Posted by
Dhamma PannKhinn
မိုးကုတ်မြို့ သူ၊ မြို့ သားများ စုပေါင်းစီစဉ်ကျင်းပသော
ဓမ္မသဘင်
ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့….
ဒယ်အိုးဆရာတော်မှ တရားတော်များဟောကြားချီးမြှင့်မည်ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
နေ့ရက် - နိုဝင်ဘာ ၅ - ၆ - ၇ ရက် ၂၀၁၀
အချိန် - ညနေ ၇ နာရီ မှ ၉ နာရီ
နေရာ - Informatic Campus
12 Science Center Road, S'pore 609080
(Jurong East MRT အနီး)
Singapore
ဆက်သွယ်ရန် - 97838341
ဆရာတော် ဥူးသုမင်္ဂလသည် သစ္စာပါရမီကျောင်းတွင် သီတင်းသုံးပါမည်။
Blk. 120, #01-81, Ivory Height, Jurong East Street 13, S'pore 600120
တရားပွဲကို နာယူကြည်ညိုနိုင်ပါရန် အောက်ဖော်ပြပါ Website များမှ တိုက်ရိုက်ထုတ်လွှင့်ပါမည်။
http://deounews.com/ (ဒယ်အိုး)
http://livedhamma.com/
http://www.apytz.net/ အဖြူရောင်သံစဉ်
http://www.lotusdhamma.blogspot.com/
http://www.lotusfoundationmm.org/ Lotus ဖောင်ဒေးရှင်း