Aug 22, 2012

ဓမ္မပန်းခင်း စာကြည့်တိုက် (၃) နှစ်ပြည့်မြောက်ခြင်း အထိန်းအမှတ် ဓမ္မသဘင်


ဓမ္မပန်းခင်း  စာကြည့်တိုက် 
(၃) နှစ်ပြည့်မြောက်ခြင်း အထိမ်းအမှတ်  ဓမ္မသဘင်

ဤ ဓမ္မဒါန ဓမ္မပူဇော်ပွဲကို ဓမ္မပန်းခင်း စာကြည့်တိုက် နာယက ဦးဣန္ဒာစရိယ (ဓမ္မဥယျာဉ်) နှင့် ဓမ္မပန်းခင်း စာကြည့်တိုက် မိသားစုများက စုပေါင်း ဆင်ယင်ကျင်းပခြင်းဖြစ်ပါသည်။

ဓမ္မကထိကဆရာတော်         ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း)


                                                              ၃.၁၁.၂၀၁၂(စနေနေ့)
အချိန်                                         ညနေ (၆:၃၀) နာရီ မှ ည (၈) နာရီ 
တရာဟောခန်းမ                            (Palelai Buddhist Temple 49,
                                           Bedok Walk,Singapore 469145)
                                        


                                                              ၄.၁၁.၂၀၁၂(တနင်္ဂနွေနေ့)
အချိန်                                         ညနေ (၅:၃၀) နာရီ မှ ည (၈) နာရီ 
တရာဟောခန်းမ                            (Function Room 1,The ARENA Country Club,
                                         511 Upper Jurong Road,Singapore 638366,near
                                         (JooKoon MRT)
                                                



ဓမ္မသဘင် ကျင်းပခြင်း၏ ရည်ရွယ်ချက်

  •  ဓမ္မစာရေးဆရာ ဆရာတော်များနှင့် စင်္ကာပူရောက် ဓမ္မစာဖတ် ပရိတ်သက်ကို အထူးမိတ် ဆက်ပေးလိုခြင်း။
  •  ဓမ္မစာပေကို လေ့လာလိုက်စားသော ဓမ္မစာပေ မြတ်နိုးသူ၊ ဓမ္မစာဖတ် ပရိသတ်များ တိုးပွါးစေလိုခြင်း။
  •  ဓမ္မမှ လမ်းညွှန်သော မှန်ကန်သော အသိဥာဏ်တို့ဖြင့် မိမိတို့ကိုယ်တိုင် စိတ်လက်ချမ်းမြေ့စွာ   နေနိုင်စေရန်နှင့် မိမိတို့၏ဘာသာ၊ သာသနာ နိုင်ငံကို မှန်ကန်သော အသိဖြင့်   ပြန်လည်စောင့်ရှောက် ကာကွယ်နိုင် ကြစေရန်တို့ ဖြစ်ပါသည်။
ကံကောင်းထောက်မစွာပင် အထက်ပါ ရည်ရွယ်ချက်များပြည့်မြောက်စေရန် ဓမ္မစာပေများကို ရေးသားပြုစု သာသနာပြုနေတော်မူသော ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း) ဆရာတော် ဘုရားကြီးကို ပင့်ဆောင်ခွင့်ရရှိခဲ့ပါသည်။

ဆရာတော်ဘုရား၏  ဓမ္မစာပေရေးသားဟန်များ၊ ဟောပြောပို့ချချက်များသည် ခေတ်လူငယ် စာတက် မျိုးဆက်သစ် စင်္ကာပူရောက် စာဖတ်ပရိသတ် တရားနာ ပရိသတ်များနှင့် အလွန်ပင် ကိုက်ညီဆီလျှော်၍ တရားနာ ပရိသတ်များ နှစ်ခြိုက်ကြမည်ဟု ကျွန်ုပ်တို့ ဓမ္မသဘင် ဖြစ်မြောက်ရေး ကော်မတီအဖွဲ့များမှ အထူး ယုံကြည် မိပါသည်။


သို့ပါ၍ စင်္ကာပူရောက် ဓမ္မမိတ်ဆွေများအားလုံးကို တရားနာကြွရောက် ဓမ္မအသိဥာဏ်ဆည်းပူးလေ့လာနို်င်ပါရန် ခင်မင် လေးစွားစွာဖြင့် အထူးပင် ဖိတ်ကြားအပ်သည်။

ဆရာတော်ဘုရား၏ စာပေလက်ရာ တရားအရသာများကို ဖတ်ရှုမြည်းစမ်း ကြည့်နှင့်မည် ဆိုပါလျှင်  http://yatanavasatemple.ning.com/forum/topics/3860373:Topic:19102ကိုဝင်ရောက်၍မြည်းစမ်းနိုင်ပါသည်။ ဆရာတော်ဘုရား၏ တရားတော်များကိုနာယူလိုပါလျှင်http://www.dhammaransi.net/Audio/Dhammabayri/DhammabayriSayadaw-ASwanNeltASa_YanKin.mp3  ကို သွား၍ နာကြားနိုင်ပါသည်။

တရားပွဲ ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ကူညီပံ့ပိုးလိုကြသော ဓမ္မချစ်သူ၊ ဘာသာချစ်၊ သာသနာချစ် မျိုးဆက်များ ကျွန်ုပ်တို့ ဓမ္မသဘင် ဖြစ်မြောက်ရေး ကော်မတီနှင့် ဆက်သွယ်ကူညီလှူဒါန်းနို်င်ပါသည်။

ဆက်သွယ်လှူ ဒါန်းနို်င်ရန်
ဓမ္မပန်ခင်း စာကြည့်တိုက်
#05/56B, Peninsula Plaza,
No. 111, North Bridge Road,
S'pore 179 098
POSB saving account (133188673) (ဖုန်း-၈၂၇၆၆၈၂၉)၊

ဓမ္မပန်းခင်း နာယက             ဦးဣန္ဒာစရိယ (ဓမ္မဥယျာဉ်)    ၉ ၈၅၉ ၅၆၆၁
ဓမ္မစာပေစုဆောင်းခြင်း          ဦးညီမြတ်                          ၉ ၂၃၆၉ ၈၃၉
ဓမ္မစီဒီ (အခမဲ့) ဖြန့်ချီခြင်း       ကိုရဲမြင့်၊ကိုထွန်းထွန်းဝင်း၊       ၈၁၂၈၃၈၃၄
စာအုပ်များ ၀န်ဆောင်မှု        အောင်ကိုလတ်၊ ဧကရီ          ၉၀၆၇၈၇၄၀
                                      စိုးလင်း၊ အောင်မိုး နှင့် အဖွဲ့များ   
       

အလှုရှင်များစာရင်း၊(October 2012)
 ၁။ ကပ္ပတိန်ဦးခင်အောင်မိသားစု မှ ဆ၇ာတော် ဘု၇ား  
       လေယာဉ်လက်မှတ်   အသွားအပြန် အလှူ
၂။ ဦးတင်စိုး+ဒေါ်စန်းမြင့် နှင့် သမီး မ ပိုးအိအိဖြူ မိသားစု ..တရားဟောခန်းမအတွက်   
    အလှုငွေ S$ 300 နှင့် သောက်ရေသန့် အလှု။
။ ဦးညီမြတ်+ဒေါ်လှိုင်လှိုင်ဌေး  နှင့် သမီးမ ထားအိဝေ .. သား အောင်မြတ်ဖြိုး မိသားစု .. 
    တရားဟောခန်းမအတွက် အလှုငွေ S$ 500။
ကိုအောင်ကိုလတ်+ မဧက၇ီလွင် အလှူငွေ  -S$ 300။
။ မအိအိချောစု@ Ericka (Treasure Travel and Tours Pte Ltd -Singapore ),
     Golden Gate Global Travel and Tours -Myanmar  မှအလှူငွေ  -S$ 500။

Aug 19, 2012

ဓမ္မဘေရီ အရှင်ဝိရိယ (တောင်စွန်း)


သာသနဓဇဓမ္မာစရိယ၊ တိပိဋက-ဒီကဘာဏက၊
နိကာယုဇ္ဇောတက-အဂ္ဂဓမ္မာစရိယ
ဓမ္မဘေရီ အရှင်ဝိရိယ (တောင်စွန်း)

ဒုက္ခဆိုတာ
အိပ်ပျော်နေသူကို လှုပ်နှိုးတတ်တယ်။
ဥပါဒါန် အားကြီးသူကို ခြောက်လှန့်တတ်တယ်။
သတိမေ့သူကို ဝါးမျိုတတ်တယ်။
သတိနဲ့တတ်စီးနိုင်သူကို လိုရာခရီးကိုပို့ပေးတယ်။    
ရာနှုန်းပြည့်ပညာမျက်စိနဲ့ ကြည့်ရင်တော့ စက်ရုပ်ကျားကြီးပါပဲ။
နေရာနဲ့လူ
ကိုယ့်အတွက် ရေကန်အသင့် ကြာအသင့်ဖြစ်တဲ့အရပ်ကို 
 ရှာဖွေနေသူဟာ ကိုယ်စွမ်းကိုယ်စ ပျောက်နေတဲ့အတွက်
ဘဝပါပျောက်ပြီး သေနေမယ်။
ရောက်ရာအရပ်မှာ ရေကန်တူးပြီး ကြာပေါက်အောင်
စွမ်းဆောင်နိုင်မှသာ ကိုယ်စွမ်းကိုယ်စ ပြည့်ဝတဲ့အတွက်
ဘဝပါပြည့်ဝရှင်သန်မယ်။
လူဆိုတာ
ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။
အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။
လေးစားထိုက်သူဖြစ်အောင် စင်ကြယ်ရမည်။

“တလောကလုံး ကျက်သရေရှိစေချင်တာ စာရေးသူရဲ့စေတနာပါ ၊ တလောကလုံး ဖြစ်ဖို့ဆိုတာ တစ်ယောက်ကပဲစရတာဖြစ်လို့ တစ်ယောက်တစ်လေကျက်သရေကိုသိပြီး ကျက်သရေရှိသွားရင်လည်း ကျေနပ်စရာပါ။ အဲ့တစ်ယောက်ဟာ စာဖတ်သူကိုယ်တိုင် ဖြစ်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့၊   
                                                                                                     ဓမ္မဘေရီ အရှင်ဝိရိယ ၊


တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီးက အရှင်ဝီရိယအား “နိကာယု ဇ္ဇောတက ဒီကဘာသက”   ဘွဲ့လက်မှတ် ပေးအပ်စဉ် (၁၃၄၂-ခု)
 
ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးကို
၁၃၀၇-ခု ပြာသိုလပြည့်ကျော်(၁၃)ရက်(၃၀-၁-၄၆) ဗုဒ္ဓဟူးနေ့ တွင် ကွေးတိုင်း၊နတ်မောက်မြို့ နယ်၊ဥယျှာုတောင်ရွာမှာ အဖဦးပု၊အမိဒေါ်မင်းစိန်တို့ က မွေးဖွားတယ်။
၁၃၁၉-ခုနှစ်မှာ ရှင်သာမဏေဖြစ်တယ်။ ဘွဲ့ အမည်မှာ ရှင်ဝီိရိယလို့ မှည့်တယ်။
၁၃၂၃-ခုနှစ်ကစပြီး အမရပူရမြို့ တူးမောင်းတိုက်ကို ရောက်ရှိပြီး ဆရာတော်ကြီးနှင့် စာချဆရာတော် ဘဒ္ဒမေဓိယတို့ ထံမှာ ပရိယတ္တိပညာ စသင်တယ်။
၁၃၂၅-ခုနှစ်က ပထမငယ်တန်းကို တစ်ပြည်လုံးတတိယနဲ့ အောင်တယ်။
၁၃၂၆-ခုနှစ်က စပြီး တူးမောင်းတိုက်မှာ စာချသာမဏေအဖြစ် အဘိဓမ္မာနေ့ ဝါည၀ါကို ကူညီပို့ ချရင်း စာချ စာသင် နှစ်တာဝန်ကို ထမ်းဆောင်ရတယ်။
၁၃၂၇- ကဆုန်လပြည့်နေ့ မှာ ရဟန်းအဖြစ်ရောက်တယ်။
၁၃၃၂-ခုနှစ်က သာသနဓဇဓမ္မာစရိယဘွဲ့  ရရှိခဲ့တယ်။
၁၃၄၂-ခုနှစ် တိပိဋကဓရရွေးချယ်ရေးစာမေးပွဲမှာ ပိဋကတ်တစ်ပုံဆောင် ဒီဃဘာဏ ဘွဲ့  ရရှိတယ်။
၁၃၄၃-ခုနှစ်က ဒီဃနိကာယအဂ္ဂဓမ္မာစရိယ ဘွဲ့ ရရှိခဲ့တယ်။
၁၃၆၂-ခုနှစ်ကစပြီး စာရေးဆရာ သတင်းစာဆရာကြီးမောင်မဲ ၊ရဝေနွယ်(အင်းမ) နဲ့  ကံထွန်းသစ်တို့ ရဲ့  တိုက်တွန်းမှုကြောင့် စာပေလောကထဲ ရောက်လာပြီး မြတ်သတိဝါဒီ၊ ဘာသာသွေးနှင့် အတွေးသစ်ဂျာနယ်တို့ မှာ စာရေးဖြစ်ခဲ့တယ်။
တပည့် အရှင်နေမိန္ဒာလကာင်္ရာဘိဝံသ၊ ရဝေနွယ်(အင်းမ) ၊ရွှေပါရမီအရှင်ဆန္ဒာဓိကတို့ ရဲ့  ကမကထပြုမှုကြောင့် ဓမ္မဘေရီစာစင် ပေါ်ပေါက်လာပြီး အတွေးသစ်ဂျာနယ်ပါဆောင်းပါးများ စုစည်းမှုအဖြစ် မထေရ်မြတ်တို့ စကားဝိုင်း စာအုပ်ကို ၂၀၀၂  ခုနှစ်မှာ စတင်ထုတ်ဝေခဲ့တယ်။

ဆရာတော်ဘုရား၏တရားစာအုပ်များ  
  •  မထေရ်မြတ်တို့ စကားဝိုင်း(၂) ကြောက်တတ်ရင်ရှေ့ တိုး၊
  •  မထေရ်မြတ်တို့ စကားဝိုင်း(၃)လျှောက်တတ်ရင်လမ်း၊
  •  မထေရ်မြတ်တို့ စကားဝိုင်း(၄) 
  •  မထေရ်မြတ်တို့ စကားဝိုင်း(၅)အောင်ပွဲဆင်မည့် ခြေလှမ်းများ၊
  • မထေရ်မြတ်တို့ စကားဝိုင်း(၆)ဖောင်ဖျက်တိုက်ပွဲ၊
  • မထေရ်မြတ်တို့ စကားဝိုင်း(၇)ဘ၀ပြန်ချီ၊
  • တရားဦး၊
  • ဘုန်းရယ်ကံရယ်ကုသိုလ်ရယ်၊
  • လောကကျက်သရေ၊
  • မဟာသွေးစည်းမှုအောင်ပွဲနှင့် အာဇာနည်တို့ ၏ လာရာလမ်း၊
  • ကမ္ဘာပြုလက်နှင့် အလင်းတန်းဆောင်းပါးများ၊
  • လူတိုင်းအတွက် ပဌာန်း၊
  • ကံအကြောင်းလှပါစေနှင့် အလင်းတန်းအတွေးသစ်များ၊
  • ယောက်ျားမြတ်တို့ ၏ အမှတ်လက္ခဏာ ၊

ယခုအခါ မွန်ပြည်နယ် တောင်စွန်းမြို့  ရွှေစေတီဓမ္မဘေရီကျောင်းတိုက်မှာ ၀ါဆိုပြီး အမရပူရမြို့ ၊တူးမောင်းတိုက်နှင့်တောင်ကြီးမြို့ ၊သိမ်တောင်ပရိယတ္တိတိုက်တို့ မှာ ပဌာန်းစာဝါကို နှစ်စဉ်ပို့ ချရင်း စာပေများရေးသားနေပါတယ်။

Nov 18, 2010

ပဋိသမ္ဘိဒါ ၄-ပါး

၁။ အတ္ထ ပဋိသမ္ဘိဒါ

၂။ ဓမ္မ ပဋိသမ္ဘိဒါ

၃။ နိရုတ္တိ ပဋိသမ္ဘိဒါ

၎။ ပဋိဘာန ပဋိသမ္ဘိဒါ


၁။ အတ္ထ ပဋိသမ္ဘိဒါ  -  အကျိုးတရားအမျိုးမျိုးကို ထိုးဖောက်ပြီးတော့ သိမြင်တဲ့ဉာဏ်။

၂။ ဓမ္မ ပဋိသမ္ဘိဒါ  -  အကြောင်းတရားအမျိုးမျိုးကို ထိုးဖောက်ပြီးတော့ သိမြင်တဲ့ဉာဏ်။

၃။ နိရုတ္တိ ပဋိသမ္ဘိဒါ  -  ဘာသာအမျိုးအမျိုး၊ သဒ္ဒါအမျိုးမျိုး၊ ဝေါဟာရပညတ်အမျိုးမျိုးတို့ကို ထိုးဖောက်ပြီးတော့ သိမြင်နိုင်တဲ့ဉာဏ်။ ဒီဉာဏ်ကို ရသွားယင် ကမ္ဘာမှာရှိတဲ့ ဘာသာအားလုံးကို မသင်ရဘဲနဲ့ အကုန်တတ်တယ်။ ဘာသာကိုသာတတ်တာ မဟုတ်ဘူး၊ ဒီဘာသာမှာ သုံးနေတဲ့ သဒ္ဒါနည်းတွေကိုလည်း အကုန်လုံး တတ်တယ်။

၎။ ပဋိဘာန ပဋိသမ္ဘိဒါ - အခွင့်သင့်လာလို့ တရားဟောရမယ့် အချိန်အခါရောက်လာလို့ ဟောပြောတဲ့အခါမှာ သူများတကာ နားလည်နိုင်တဲ့ ပြောနည်း၊ ဆိုနည်း၊ ပြောဟန်၊ ဆိုဟန်တို့ကို အလိုအလျောက် ဉာဏ်မှာ ထင်လာတယ်။ ဥပမာ - ဥပမေယျနဲ့ ပြောမှု၊ ဆိုမှုကို သူ့ဉာဏ်မှာ တစ်ခါတည်း ထင်လာတယ်။ လွယ်လွယ်ကူကူနဲ့ တရားနာပရိသတ် နည်းလည်သွားအောင် ပြောနိုင်မယ့် နည်းနိဿယကို ဉာဏ်မှာ တစ်ခါတည်း အလိုလို ထင်လာတယ်။ အဲဒီဉာဏ်ကို ပဋိဘာန ပဋိသမ္ဘိဒါဉာဏ် လို့ခေါ်တယ်။

Nov 3, 2010

ကံပြုတဲ့နေရာက စေတနာ

ကံပြုတဲ့နေရာမှာ ဘာအရေးကြီးဆုံးလဲဆိုရင် စေတနာပါ။ ဒါကြောင့် မြတ်စွာဘုရားက "စေတနာဟံ ဘိက္ခဝေ ကမ္မံဝဒါမိ၊ ရဟန်းတို့ စေတနာကို ကံလို့ ငါဘုရား ဟောတယ်"လို့ မိန့်ကြားထားတာပါ။ အဲဒီ စေတနာနဲ့ကံ၊ ကံနဲ့ စေတနာ ဘာထူးသလဲမေးရင် ပြုလုပ်ဆဲ အမှုတွေဟာ စေတနာပါ။ ပြီးပြီးသွားတာက ကံပါ။

ဥပမာ - ဝက်တစ်ကောင်ကို သတ်နေတယ်။ သတ်နေဆဲကာလဟာ စေတနာပါ။ သတ်ပြီးလို့ သေသွားတဲ့အခါ၊ သတ်ခြင်းကိစ္စ ပြီးသွားတဲ့အခါဟာ ကံပါ။ ဒီလိုပါပဲ ... ရဟန်းတစ်ပါးကို ဆွမ်းလောင်းနေဆဲဟာ စေတနာပါ၊ ဆွမ်းလောင်း ပြီးသွားတဲ့ အချိန်ဟာ ကံပါ။ ဒါကို ယောဆရာတော်ဘုရားရဲ့ "ပြုလုပ်ဆဲမှာ စေတနာ၊ ပြီးခါ ကံဟုသိ"ဆိုတဲ့ လင်္ကာလေးနဲ့ ကပ်မှတ်ထားလို့ ရပါတယ်။


ကောင်းမှု ပြုလုပ်ဆဲမှာပဲ ဖြစ်ဖြစ်၊ မကောင်းမှု ပြုလုပ်နေဆဲမှာပဲ ဖြစ်ဖြစ် စေတနာလေးတွေ ဆင့်ကဲဆင့်ကဲ ဖြစ်နေပါတယ်။ အဲဒီ စေတနာလေးတွေက အကြာကြီး တည်မနေပါဘူး။ ဥပါဒ်-ဌီ-ဘင် = ဖြစ် တည် ပျက် ဆိုပြီး ပျက်ပျက်သွားပါတယ်။ စာလို ပြောရင်တော့ ချုပ်ချုပ်သွားတာပါ။ ကောင်းတာ ပြုနေတဲ့အချိန်မှာ ကောင်းတဲ့ စေတနာလေးတွေက ဖြစ် တည် ပျက် ဆိုပြီး ခဏလေး တည်ပြီး ချုပ်ချုပ်သွား၊ အဲဒီလို ချုပ်သွားပေမယ့် ဘာလေးတွေ ကျန်ခဲ့သလဲဆိုတော့ ကမ္မသတ္တိလေးတွေပါ။

စေတနာလေးတွေ ချုပ်ချုပ်သွားလိုက်၊ ကမ္မသတ္တိလေးတွေ ကျန်ခဲ့လိုက်၊ ကြာလာတော့ ကမ္မသတ္တိလေးတွေက များလာပါတယ်။ ကမ္မသတ္တိလေးတွေဟာ ကောင်းတာပြုခဲ့ရင် ကောင်းတဲ့ ကမ္မသတ္တိလေးတွေ၊ မကောင်းတာ ပြုခဲ့ရင် မကောင်းတဲ့ ကမ္မသတ္တိလေးတွေ ကျန်နေခဲ့ပါတယ်။ လူတစ်ယောက်ကို အကျိုးပေးတယ်ဆိုတာလည်း အဲဒီကမ္မသတ္တိလေးတွေက အကျိုးပေးတာပါ။
အဲဒီကမ္မသတ္တိလေးတွေက ချက်ချင်းထ အကျိုးပေးသလားဆိုတော့ ချက်ချင်းတော့ ထ အကျိုးမပေးသေးပါဘူး။ အကြောင်းတိုက်ဆိုင်တဲ့အခါမှသာ ထ အကျိုးပေးတာပါ။

ဒါကို စာမှာ ဘယ်လို ဥပမာပေးထားသလိုဆိုတော့ သရက်သီးမှည့်ကို စားပြီး သွားတဲ့အခါ သရက်စေ့လေး ကျန်ခဲ့ပါတယ်။ အဲဒီ သရက်စေ့မှာ အပင်ပေါက်နိုင်တဲ့ ဗီဇသတ္တိလေး ရှိနေပါတယ်။ အပင်ပေါက်နိုင်တဲ့ ဗီဇသတ္တိလေးရှိနေတဲ့ သရက်စေ့ဟာ မြေကြီးနဲ့လည်း ထိတွေ့ခွင့် ရမယ်၊ မိုးဥတုနဲ့လည်း ထိတွေ့ခွင့်ရမယ်ဆိုရင် သရက်ပင်လေး ထပေါက်လာပါတယ်၊ အဓိကတော့ မြေကြီးရယ်၊ မိုးဥတုရယ်နဲ့ ကြုံကြိုက်ဖို့ပါပဲ။ အဲဒီ အင်္ဂါနှစ်ချက်နဲ့ မညီသေးရင် သရက်စေ့လေးဟာ အပင်ပေါက်နိုင်တဲ့ သတ္တိလေး ရှိနေပေမယ့် မပေါက်နိုင်သေးပါဘူး။

အဲဒီ သရက်သီးမှည့်နဲ့ သရက်စေ့လေးရဲ့ ဥပမာ အတိုင်းပါပဲတဲ့။ သရက်သီးမှည့်ကို စားနေဆဲ စားနေတဲ့ အချိန်ဟာ စေတနာပါတဲ့၊ စားပြီး အပင်ပေါက်နိုင်တဲ့ သရက်စေ့ ကျန်ခဲ့တာဟာ ကမ္မသတ္တိပါတဲ့။
သရက်စေ့ဟာ ချက်ချင်းထပြီး အပင်မပေါက်နိုင်သေးဘဲ မြေကြီး မိုးဥတုနဲ့ ထိတွေ့ခွင့်ရမှ အပင်ပေါက်နိုင်သလို လူတစ်ယောက်ရဲ့ ကမ္မသတ္တိဟာလည်း ချက်ချင်း အကျိုးမပေးနိုင်သေးပါဘူး။

ကောင်းတဲ့ ကမ္မသတ္တိတွေက ယောနိသောမန သိကာရ-ဆိုတဲ့ ကုသိုလ်ဖြစ်အောင် နှလုံးသွင်းတဲ့အခါ၊ ကလျာဏမိတ္တ-ဆိုတဲ့ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ ဆရာကောင်း-စတဲ့ မိတ်ဆွေကောင်းနဲ့ တွေ့ဆုံတဲ့အခါမှ ထအကျိုး ပေးတာပါ။

ဒီလိုပါပဲ ... မကောင်းတဲ့ ကမ္မသတ္တိလေးတွေကလည်း အယောနိသောမနသိကာရ အကုသိုလ်ဖြစ်အောင် နှလုံးသွင်းတဲ့အခါ ပါပမိတ္တ မိတ်ဆွေဆိုး မိတ်ဆွေယုတ်နဲ့ တွေ့ဆုံတဲ့အခါကျမှ ထအကျိုးပေးမှာပါ။
အဲဒီတော့ ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ကမ္မသတ္တိတွေဟာ ချက်ချင်းတော့ ထအကျိုးမပေးသေးပါဘူး။ ခြောက်လကြာမှ အကျိုးပေးချင် ပေးမယ်၊ ဆယ်နှစ်ကြာမှ အကျိုးပေးချင် ပေးမယ်၊ နောက်ဘဝကျမှပဲ အကျိုးပေးချင် ပေးမယ်။ နှစ်ဘဝမြောက်၊ သုံးဘဝမြောက်၊ ဆယ်ဘဝမြောက် ကျမှလည်း အကျိုးပေးချင် ပေးမယ်။ ပေးမှာတော့ ဧကန်မုချပါ။

ကောင်းတဲ့ ကမ္မသတ္တိပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့ ကမ္မသတ္တိပဲ ဖြစ်ဖြစ် ကိုယ့်သန္တာန်မှာ ကမ္မသတ္တိ မြောက်သွားပြီဆိုရင်တော့ ဘဝတစ်ခုမှာ ဧကန်မုချ အကျိုးပေးတော့မှာပါ။ အကျိုးပေး နီးတာနဲ့ ဝေးတာပဲ ကွာမှာပါ။

ကောင်းတာပြုပြီး အကျိုးမပေးသေးလို့ ဘာမှ စိတ်အားလျော့စရာ မလိုသလို၊ မကောင်းတာ ပြုပြီး အကျိုးမပေးသေးဘူး ဆိုပြီး ကံကို အထင်သေးနေလို့လည်း မရပါဘူး။

ကံဆိုတာ ပြုပြီးသွားရင် ကမ္မသတ္တိ မြောက်သွားတာဆိုတော့ ကောင်းတဲ့ ကံအတွက် ပြဿနာ မရှိပေမယ့် မကောင်းတဲ့ ကံအတွက်ကျတော့ မပြုခင် သေချာစဉ်းစားဖို့ လိုပါတယ်။ ဘဝတွေက ကျင်လည်ရဦး မှာပါ။ တစ်ဘဝထဲနဲ့ မပြီးသေးပါဘူး။ တစ်ဘဝထဲနဲ့ ပြီးပြတ်အောင် လုပ်နိုင်ရင်တော့ တစ်မျိုးပေါ့လေ။
ဘာပဲလုပ်လုပ် ကံဆိုတာ လုပ်ပြီးရင် ကမ္မသတ္တိကတော့ မြောက်သွားတာပါပဲ။ မလုပ်ခင် သေချာစဉ်းစားဖို့ပဲ လိုတာပါပဲလေ။

ကျမ်းကိုး -
၁။ ဓမ္မပဒ အဋ္ဌကထာ (ဒု)တွဲ ဥဂ္ဂသေနဝတ္ထု။
၂။ မင်းကွန်းဆရာတော်ကြီး၏ ဓမ္မဒေသနာ ပေါင်းချုပ် အတွဲ (၁)။

အရှင် ရာဇိန္ဒ (ရဝေနွယ်၊ အင်းမ) ၁၉၆၉ ~

Oct 31, 2010

မုနိရှစ်ဆူမော်ကွန်း

၁။ အကနိဋ္ဌဘုံမှာ အလောင်းတော်ရဲ့ ပုဆိုးကို ဌာပနာထားပြီး တည်ထားတဲ့ ဒုဿမုနိ စေတီတော်
၂။ တာဝတိံသာမှာ အလောင်းတော်ရဲ့ ဆံတော်ကို ဌာပနာထားပြီး တည်ထားတဲ့ စူဋ္ဌာမုနိစေတီတော်
၃။ ကပ္ပိလဝတ်ပြည်မှာ ခမည်းတော် သူဒ္ဓေါဒနမင်း ထုလုပ်ကိုးကွယ်တဲ့ သကျမုနိစေတီတော်
၎။ သာဝတ္ထိပြည်မှာ ပေဿနဒီမင်း ထုလုပ်ကိုးကွယ်တဲ့ စိန္တာမုနိ စေတီတော်၊
၅။ ရာဇဂြိုဟ်ပြည်မှာ အဇာတသတ်မင်း ထုလုပ်ကိုးကွယ်တဲ့ ရာဇမုနိ စေတီတော်၊
၆။ ဟိမဝန္တာမှာ မဟေသရနတ်မင်း ထုလုပ်ကိုးကွယ်တဲ့ လောကမုနိစေတီတော်၊
၇။ ဓညဝတီပြည်မှာ စန္ဒသူရိယမင်း သွန်းလုပ်ကိုးကွယ်တဲ့ မဟာမုနိစေတီတော်၊
၈။ အမရပူရပြည်မှာ ဘိုးတော်ဘုရား သွန်းလုပ်ကိုးကွယ်တဲ့ စန္ဒာမုနိ စေတီတော်..ရယ်လို့ ရှစ်ပါးရှိပါတယ်။

ထိုရှစ်ပါးအနက် စန္ဒာမုနိ စေတီတော်မှ တစ်ပါး ကျန်သော မုနိခုနစ်ဆူဟာ ဘုရားရှင်လက်ထက်တော်က ဖြစ်ပါတယ်။ မုနိခုနှစ်ဆူအနက် ဒုဿမုနိစေတီတော်နှင့် စူဋ္ဌာမဏိ စေတီတော်တို့ကတော့ ရုပ်ပွားတော် မဟုတ်ကြပါဘူး။ ကျန်သော ၅-ဆူကတော့ ရုပ်ပွားတော် (ဥဒ္ဒိဿကစေတီတော်)များ ဖြစ်ကြပါတယ်၊

 ကျောက်စာဌာနမှ ပညာရှင်တို့၏ ခေတ်သစ်အယူအဆ

သာသနာနှစ် ၅၀၀-လောက်မှာ အိန္ဒိယပြည်ကြီးရဲ့ အနောက်မြောက်နယ်ဖြစ်တဲ့ ကသျှမီရ၊ ဂန္ဓရနယ်ကို ဂရိတို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြတယ်၊ ထိုအခါ ကသျှမီရ၊ ဂန္ဓာရနယ်တစ်ဝန်းမှာလည်း ထေရဝါဒဂိုဏ်း အားနည်းပြီး မဟာယာနဂိုဏ်း အားကောင်းနေတယ်၊ ဝင်ရောက်လာတဲ့ ဂရိများဟာ မဟာယနဂိုဏ်းရဲ့ လွှမ်းမိုးမှုကြောင့် မဟာယနဂိုဏ်း ဗုဒ္ဓဘာသာများ ဖြစ်လာကြပါတယ်၊ မဟာယနသာသနာဟာ တစ်ချို့နေရာများမှ ဟိန္ဒူတို့ရဲ့ အယူဝါဒနှင့် ရောနှောနေတယ်၊ ဟိန္ဒူတို့က ကိုးကွယ်ခံရုပ်တုများ ထုလုပ်ကိုးကွယ်တာကို နမူနာယူပြီး ဂရိဘာသာဝင်တို့ကလည်း ဗုဒ္ဓရုပ်ပွားတော် စတင် ထုလုပ်ကိုးကွယ်ခဲ့ကြတယ်၊ ဂရိတို့ ထုလုပ်တဲ့ ရုပ်ပွားတော်များကို အတုယူပြီး ရုပ်ပွားတော် ထုလုပ်ကိုးကွယ်မှုဟာ ကမ္ဘာမှာ ပျံ့နှံ့လာပါတယ်၊ ရုပ်ပွားတော်များ စတင်ထုလုပ် ကိုးကွယ်တာဟာ မဟာယနဗုဒ္ဓဘာသာဝင်များ ဖြစ်ကြပါတယ်၊ နောင်အခါ ဘုရားရှင်ကို အာရုံပြုရာမှာ ရုပ်ပွားတော်ရှိလျှင် ပိုမိုလွယ်ကူတယ်လို့ ယူဆပြီး ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ကလည်း ရုပ်ပွားတော်ကိုးကွယ်လာကြပါတယ်၊ သည်ပညာရှင်များရဲ့ အလိုအရ ဗုဒ္ဓရုပ်ပွားတော်များဟာ သာသနာသက္ကရာဇ် ၅၀၀-ကျော် AD 1 Century လောက်ကမှ စတင်ဖြစ်ပေါ်လာပါတယ်၊ AD 1 Century ရဲ့ အထက်ကတော့ ရုပ်ပွားတော် ကိုးကွယ်မှု မရှိသေးဘူးလို့ ယူဆကြပါတယ်။

အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (တည်တောဆရာတော်၊ ထီးချိုင့်မြို့)

Oct 30, 2010

စားဖို့လုပ်ခြင်းထက်...

စားရဖို့ ရည်ရွယ်ချက်ဖြင့် အလုပ်လုပ်သူများသည် ရည်ရွယ်ချက် သေးနုပ်သည့်အတွက် အားလျော်စွာ သူတို့၏ လုပ်အားခသည် စားသောက်ရန်အတွက်လောက်သာ ရတတ်သည်။

အကျိုးပြု လုပ်ငန်းများ လုပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် စားသောက်သူများသည် သူတို့၏ ရည်ရွယ်ချက် မွန်မြတ်သည့် အားလျော်စွာ စားသောက်ဖို့ထက် ပိုမိုပြီး အကျိုးပြုလုပ်ငန်းများ လုပ်နိုင်အောင် အကျိုးရတတ်သည်။

ဘဒ္ဒန္တတိလောကာဘိဝံသ (ရွာမအင်းစိန်)

သတ္တိနှင့် ဗျတ္တိ

ထန်းတက်သမား၏ ထန်းပင်ကို တက်နိုင်သော အစွမ်းသည် သတ္တိ၊
ထိုယောက်ျား၏ အားအင်ကို ထုတ်၍ ထန်းပင်ကို တက်လိုက်ခြင်းသည်၊ ဗျတ္တိ ဖြစ်သည်။

ရေငုပ်တတ်သူ၏ ရေအောက်၌ ငုပ်နိုင်သော အစွမ်းသည် သတ္တိ၊
ထိုယောက်ျား၏ ကျင်လည်စွာသော ရေငုပ်ပြခြင်းသည် ဗျတ္တိ ဖြစ်သည်။

တောင်တန်းဆရာတော် ဦးဥတ္တမသာရ